Wednesday, February 5, 2020

အခြေခံအီလက်ထရောနစ် အပိုင်း(၆) Capacitor များ အကြောင်း

Capacitor များအကြောင်းသိကောင်းစရာ



အီလက်ထရောနစ်နဲ့ သိပ်မစိမ်းသူတွေတော်တော်များများ ကွန်ဒင်ဆာ ဆိုတဲ့ အသုံးအနှုန်းကို သိထားကြပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ Condensor ဆိုတဲ့ အသုံးအနှုန်းကို သိပ်မသုံးတော့ဘဲ Capacitor လို့ပဲ သုံးကြပါတော့တယ်။

အီလက်ထရောနစ်လျှပ်စစ်ပတ်လမ်းတွေရဲ့ အများစုမှာ ဒီ Capacitor ကို အသုံးပြုကြပါတယ်။

သူ့ရဲ့လုပ်ဆောင်ချက်အခြေခံသဘောတရားကတော့ လျှပ်စစ်ဓာတ်ကို လျှပ်စစ်စက်ကွင်းပုံစံနဲ့ သိုလှောင်ပေးထားတာပါ။

ဘာအတွက် အသုံးပြုသလဲ...

နံပါတ်(၁)

မလိုအပ်တဲ့ ဗို့အား ဆောင့်တက်မှုကို ကာကွယ်ပေးတယ်။ ဆိုလိုတာက ဟိုးအရင်ပို့စ်မှာတော့ AC လျှပ်စီးအကြောင်းသိထားပြီးလောက်ပါပြီ။ အေစီ လျှပ်စီးကြောင်းမှာ လျှပ်စစ်လှိုင်းတွေက အတက်အကျ တည်ငြိမ်တဲ့ Sine Wave (သဘာဝရေလှိုင်းပုံစံ) ဖြစ်ပါတယ်။ Voltage Surge ဆိုတာကတော့ အဲဒီလှိုင်းကနေ မငြိမ်မသက်ဘဲ ရုတ်တရက် ဆောင့်တက်သွားတဲ့ ဗို့အားလှိုင်းအချွန်အတက်တွေပါ။ အောက်ဖော်ပြပါ ပုံကို ရှုစားပါ။
ဒါက AC လျှပ်စီးကြောင်းရဲ့ လှိုင်းပုံစံ ဖြစ်ပြီး ပုံထဲမှာဆိုရင် ၁၆၉ ဗို့ ရှိတဲ့ လှိုင်းကနေ ရုတ်တရက် မြင့်တက် သွားတဲ့ လှိုင်း အချွန်အတက်တစ်ခုကို မြင်ရမှာပါ။ အဲဒါကို Voltage Surge လို့ ခေါ်ပါတယ်။ 

နံပါတ်(၂)

Ractified AC Voltage ကို သန့်စင်တဲ့ DC Voltage ရအောင် ညှိပေးတယ်။ Ractify  လုပ်တယ်ဆိုတာက AC ကို DC အဖြစ်ပြောင်းပေးတာပါ။ 
ဒီပုံမှာ ဆိုရင် ဘယ်ဘက်က ပုံက AC ရဲ့ လှိုင်း ပုံစံ ဖြစ်ပြီး ညာဘက်က ပုံကတော့ DC ရဲ့ ပုံစံ ဖြစ်ပါတယ်။


လျှပ်စစ်လှိုင်းတွေကို လှိုင်းပုံဖော်ကိရိယာ(Oscilloscope) နဲ့ ကြည့်နိုင်ပါတယ်။

အဲဒီလို Sine Wave ပုံစံနဲ့ လာတဲ့ AC မှာ အလယ်မှာ ရှိတဲ့ မျဉ်းရဲ့ အပေါ်ပိုင်းက လှိုင်း အခုံးတွေက လျှပ်စစ် အဖို (Positive) အပေါင်းဗို့အားတွေ ဖြစ်ပြီး အောက်က လှိုင်း အခွက်တွေက လျှပ်စစ်အမ (Negative) အနှုတ်ဗို့အားတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့က ဒီစီ အတွက် အသုံးပြုဖို့ အပေါင်းဗို့အားချည်း သီးသန့် ထုတ်ချင် တဲ့အခါမှာ Ractifier (ရတ်တီဖိုင်ယာ) လို့ခေါ်တဲ့ ပတ်လမ်းတစ်ခုနဲ့ စစ် ထုတ်ရပါတယ်။ အဲဒီမှာ ပါတဲ့ ဒိုင်အုတ် ရဲ့ အခန်းကဏ္ဍကို နောက်ပိုင်းမှာ ထပ်ရှင်းပြပါမယ်။
ဒါကတော့ Ractifier တစ်ခုရဲ့ ပတ်လမ်းပုံပါ။ 
အပေါ်က ပုံမှာ AC အဝင် လှိုင်းပုံစံ ဖြစ်ပြီး Ractifier ကို ဖြတ်သန်းပြီး ထွက်လာတဲ့အခါ အောက်က ပုံအတိုင်း အနှုတ်ဗို့အားလှိုင်းအခွက်တွေ မပါတော့ပဲ အပေါ်ခြမ်းက အပေါင်းဗို့အား လှိုင်းတွေကိုပဲ ထုတ်ပေးတော့တယ်။
ဒါပေမဲ့ မြင်တဲ့အတိုင်းပဲ လှိုင်းရဲ့ ထိပ်က အမြင့်ဆုံးဗို့အားဖြစ်တဲ့အတွက် ထွက်လာတဲ့ လှိုင်းတွေကလည်း မြင့်လိုက် နိမ့်ကျသွားလိုက် မြင့်လိုက် နိမ့်ကျသွားလိုက် ဖြစ်နေတဲ့အတွက် မငြိမ်သက်ပါဘူး။
အဲဒီ Ractifier က ထွက်လာတဲ့ လှိုင်းတွေကိုမှာ ထိပ်မှာ Capacitor တစ်လုံးထားလိုက်တော့ ဗို့အားလှိုင်း အမြင့်ဆုံးကို ရောက်တဲ့အချိန်မှာ လျှပ်စစ်ဓာတ်ကို သိုလှောင်ထားပြီး Output က ဗို့အားလှိုင်း Zero ကို ပြန်ဆင်းတဲ့ အချိန်မှာ Capacitor က ပြန်အဆင်းမခံတော့ဘဲ သူ့ဆီမှာ သိမ်းထားတဲ့ ဗို့အားကို Discharge လုပ် ပြီး ထိန်းပေးလိုက်ပါတယ်။ ဒါ့ကြောင့် ဗို့အားက ခုန်မနေတော့ဘဲ ငြိမ်သက်နေတာ ဖြစ်ပါတယ်။ 

နံပါတ်(၃)

DC လျှပ်စီးကို တားဆီးပြီး AC လျှပ်စီးကိုတော့ ဖြတ်သန်းခွင့်ပေးတယ်။
ပုံမှာပြထားတဲ့ သင်္ကေတ ကတော့ Capacitor ရဲ့ လျှပ်စစ်ပတ်လမ်းရေးဆွဲရာမှာ သုံးတဲ့ သင်္ကေတပါ။

နံပါတ်(၄)

AC လျှပ်စီးကြိမ်နှုန်းတွေကို Ground သို့ သယ်ဆောင်ပေးပါတယ်။

နံပါတ်(၅)

AC Signal တွေရဲ့ မလိုအပ်တဲ့ အပိုင်းတွေကို စစ်ထုတ်ပေးတယ်။

နံပါတ်(၆)

AC ဗို့အားကို ပတ်လမ်းတစ်ခုအတွင်းမှာ Resistor နဲ့ လျှော်ညီစွာ ချိတ်ဆက်ပြီး Intigrating နဲ့ Differentiation လုပ်ပေးပါတယ်။ ဒါကတော့ ရှုပ်ထွေးတဲ့ ဖော်မြူလာတွေနဲ့မို့ ထည့်မဆွေးနွေးတော့ပါဘူး။


အပေါ်မှာ ဆွေးနွေးခဲ့တဲ့ လုပ်ငန်းစဉ်တွေအတွက် Capacitor ကို အသုံးပြုကြပါတယ်။

သာမန်အားဖြင့် ပြောရရင်တော့ Capacitor တွေရဲ့ အလုပ်က လျှပ်စစ်ဓာတ်ကို လျှပ်စစ်လှိုင်းအသွင်နဲ့ သိုလှောင်ပေးတယ်၊ လှိုင်းတွေကို ညှိပေးတယ်၊ စစ်ထုတ် ပေးတယ်၊ သန့်စင်ပေးတယ်။

သူတို့ရဲ့ လျှပ်စစ်အဖိုအမ သတ္တိပေါ် မူတည်ပြီး Non-Polarize နဲ့ Polarize ဆိုပြီး အမျိုးအစားနှစ်မျိုးပဲ ရှိပါတယ်။ Polarize မှာတော့ အပေါင်း အနှုတ် သတ်မှတ် ချက် ရှိပြီး Non-Polarize မှာတော့ အပေါင်းအနှုတ် သတ်မှတ်ချက် မရှိပါ။

Resistor  တွေတုန်းက သူတို့ရဲ့ တန်ဖိုးကို အုမ်းနဲ့ ဖော်ပြသလို Capacitor တွေကိုတော့ Farad (ဖားရက်ဒ်)နဲ့ ဖော်ပြပါတယ်။ 1 Farad ရဲ့ အောက်မှာသာ အများစု တည်ဆောက်တာဖြစ်လို့ မိုက်ခရိုဖားရက်ဒ် (uF) နာနိုဖားရက်ဒ်(nF) ပီကိုဖားရက်ဒ်(pF) တို့နဲ့ ဖော်ပြကြပါတယ်။ ဖားရက်ဒ် ဆိုတာကလည်း မိုက်ကယ်ဖာရာဒေး ဆိုတဲ့ လျှပ်စစ်ပညာရှင်ကြီးရဲ့ အမည်ကို ကိုယ်စားပြုပါတယ်။

မိုက်ကယ်ဖာရာဒေး ကို ၁၇၉၁ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့မှာ မွေးဖွားခဲ့ပြီး ၁၈၆၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ အင်္ဂလိပ်လူမျိုး လျှပ်စစ်နဲ့ ဓာတုဗေဒ ပညာရှင်တစ်ဦးဖြစ်ပါတယ်။

Capacitor တွေကို တည်ဆောက်ပုံပေါ်မူတည်ပြီး (၄)မျိုးခွဲခြားထားပါတယ်။ Film Capacitor ,  Ceramic Disc Capacitor, Electrolytic Capacitor နဲ့ Variable Capacitor တွေပါပဲ။

Film Capacitor တွေ က အပေါင်းအနှုတ်ခွဲခြားမှု မရှိတဲ့အပြင် ဗို့အား ၁၅၀၀ လောက်အထိ ခံနိုင်တဲ့အတွက် AC လျှပ်စစ်ပတ်လမ်းတွေထဲမှာ အများစု တွေ့ရမှာ ဖြစ်ပြီး သူတို့ရဲ့ဂုဏ်သတ္တိတွေပေါ် လိုက်ပြီး အခြား ပတ်လမ်းတွေမှာလည်း တွေ့နိုင်ပါတယ်။ သတ္ထုအလွှာပြားနှစ်ချပ်ကြားမှာ လျှပ်ကာပြားတစ်ခုညှပ်ပြီး ပြုလုပ်ထားလို့ ဖလင်ကပ်ပယ်စီတာလို့ ခေါ်တာပါ။
အပေါ်က ပုံတွေကတော့ အသုံးများတဲ့ Film Capacitor တွေ ဖြစ်ပါတယ်။

ရေးထားတဲ့ သင်္ကေတတွေကိုတွေ ပုံမှာ ပြထားတဲ့အတိုင်း တန်ဖိုးဖတ်ရမှာပါ။

Ceramic Disc Capacitor တွေကိုတော့ မုန့်အိတ်ပုံစံ အဝိုင်းလေးအနေနဲ့ တွေ့နိုင်ပြီး ရေဒီယိုလှိုင်းနဲ့ပတ်သက်တဲ့ လျှပ်စစ်ပတ်လမ်းတွေနဲ့ ဒစ်ဂျစ်တယ် ပတ်လမ်းတွေမှာ တွေ့နိုင်ပါတယ်။ ကြွေနဲ့ပြုလုပ်ထားပြီး အထဲမှာ ငွေသတ္ထုပြားလေးတွေ ပါ ပါတယ်။ သူလည်း အပေါင်း အနှုတ် မခွဲပါဘူး။



Ceramic Disc Capacitor တွေကို ပုံမှာ ပြထားတဲ့အတိုင်း တည်ဆောက်ထားပါတယ်။ အပြာရောင်တစ်ခုတည်းတော့ မဟုတ်ပါဘူး။ အဝါရောင် လိမ္မော်ရောင် အဝိုင်းပြားလေးတွေအဖြစ် မြင်ရတတ်ပါတယ်။

Electrolytic Capacitor ထဲမှာကျတော့ လျှပ်စစ်ဓာတ်ကူးအရည်တစ်ခုခု ထည့်ထားပြီး သတ္ထုပြားလေးတွေကိုလည်း အလျူမီနီယမ် (သို့မဟုတ်) တမ်တလမ် သတ္ထုနဲ့ ပြုလုပ်ထားပြီး သူ့မှာတော့ ၅၀၀ ဗို့လောက်အထိပဲ ခံနိုင်ရည်ရှိတဲ့အပြင် အပေါင်း၊ အနှုတ် ခွဲခြားထားပါတယ်။ သတ်မှတ်ထားတဲ့အတိုင်း မတပ်ဆင် ဘူးဆိုရင် ပေါက်ကွဲတတ်ပါတယ်။ သူကတော့ လျှပ်စစ်သိုလှောင်အား မြင့်မားပါတယ်။ ဒါ့ကြောင့် လှိုင်းစစ်ထုတ်တဲ့လုပ်ငန်းတွေ အပြင် အချို့ ပတ်လမ်းတွေမှာ အများ အပြား အသုံးပြုထားပါတယ်။ ခြင်ရိုက်တဲ့ ဘက်တံကို ဖွင့်ကြည့်ရင် အထဲမှာ Capacitor အကြီးကြီးတွေ တွေ့ပါလိမ့်မယ်။



Variable Capacitor ဆိုတာကျတော့ တန်ဖိုးပြောင်းလဲနိုင်တဲ့ Capacitor တွေ ဖြစ်ပြီး ရေဒီယိုတို့ အသံညှိတဲ့ အီကွိုင်လိုင်ဇာတို့လို ဟာမျိုးတွေမှာ အများစု အသုံး ပြုကြပါတယ်။



ကောင်းပါပြီဗျာ။ Capacitor တွေနဲ့ ပတ်သက်ပြီး အထိုက်အလျောက် ဗဟုသုတရသွားကြပြီလို့ ထင်ပါတယ်။

အဲဒီမှာ အပေါင်း အနှုတ် မခွဲတဲ့ Non Ploarize အမျိုးအစားတွေမှာက ပြဿနာ မရှိပါဘူး။ ဘယ်ဟာကို ဘယ်ဘက်က တပ်တပ် အဆင်ပြေပါတယ်။

အပေါင်း အနှုတ် ခွဲတဲ့ Electrolytic အမျိုးအစားဆိုရင်တော့ မှား မတပ်မိဖို့ လိုပါတယ်။ အို...အဲဒီအလုံးကြီးက နှုတ်ခမ်းမွှေးက နှစ်မျှင်ပဲ ပါတာ။ အတိုအရှည်ကလည်း အတူတူပဲ ဘယ်လိုခွဲရမလဲ ဆိုတော့ကာ လွယ်ပါတယ်။ သူ့ရဲ့ သတ္ထုအိမ်အခွံကို ကြည့်ပါ။ စာတွေ ရေးထားပါလိမ့်မယ်။ ဥပမာအားဖြင့် 47uF  250 V ဒါဆိုရင် အဲဒီဟာက Capacitance 47 မိုက်ခရိုဖားရက်ဒ် ရှိပြီး ဗို့အား ၂၅၀ အထိ ခံနိုင်ရည် ရှိပါတယ်။ နောက်ထပ် ထပ်ကြည့်လိုက်ပါ။ ပတ်ပတ်လည်ရဲ့ တစ်ဖက်သော အရပ်မျက်နှာမှာ ခဲရောင်(သို့မဟုတ်)အဖြူရောင် အစင်းအကြီးကြီးတစ်ခု ဒေါင်လိုက် ဆွဲထားပြီး အဲဒီအစင်းကြီးပေါ်မှာ အနှုတ်လက္ခဏာ ပုံစံလေးတွေ ဆွဲထားပါ တယ်။ အဲဒီအစင်းနဲ့ အနီးဆုံးမှာ ရှိတဲ့ Pin က အနှုတ် ဖြစ်ပြီး ကျန်တစ်ဖက်ကတော့ အပေါင်း ဖြစ်ပါတယ်။ နောက်တစ်ခု ထပ် သတိထားဖို့က 12 V အတွက် အသုံးပြုဖို့ ရည်ရွယ်ထားတယ်ဆိုရင် အနည်းဆုံး 24 V ခံနိုင်ရည်ရှိတဲ့ Capacitor ကို ရွေးပြီး တပ်ဆင်ဖို့ပဲ ဖြစ်ပါတယ်။


Capacitance ကို ရိုးရိုးကြီး ရေးထားတာမို့ တန်ဖိုးဖတ်ဖို့ သိပ်အခက်အခဲ မရှိပါတယ်။ ဒါပေမဲ့ Disc Capacitor တွေမှာတော့ Capacitance ကို ဂဏန်းသုံးလုံးတွဲ နဲ့ ရေးထားလေ့ရှိပါတယ်။ Disc Capacitor တွေကို တန်ဖိုးဖတ်တဲ့အခါ ရှေ့ဆုံး နှစ်လုံးကို တန်ဖိုးပြည့် ယူပြီး နောက်ဆုံးတစ်လုံးကိုတော့ သုညအရေအတွက်လို့ မှတ်ရပါမယ်။ ဥပမာအားဖြင့် 103 ဆိုပါစို့။ ထပ် မှတ်ထားဖို့က Disc Capacitor တွေကို တန်ဖိုးဖတ်တဲ့အခါ သူ့တန်ဖိုးကို မိုက်ခရိုဖားရက်ဒ် (uF) နဲ့မဖတ်ဘဲ သူ့ရဲ့ တစ်သန်း ပုံပုံရင်တစ်ပုံ (pF) ပီကိုဖားရက်ဒ်နဲ့ ဖတ်ပါတယ်။ အခုနက 103 ဆိုရင် 10-000 (10000 ) pF ဖြစ်ပါတယ်။ အဲဒါကို မိုက်ခရိုဖားရက်ဒ်နဲ့ တွက်ချင်တယ်ဆိုရင် 10000/1000000 (ဂဏန်းပေါင်းစက်နဲ့သာစားကြည့်လိုက်ပါ)။ တစ်သန်းနဲ့ စားရမယ်နော်။ အဖြေကတော့ ၀.၀၁ မိုက်ခရိုဖားရက်ဒ် ထွက်ပါတယ်။ 

ဒါပေမဲ့ အဲဒီလို Disc Capacitor တွေကို ဆိုင်တွေမှာ မေးဝယ်တဲ့အခါ သူ့နံပါတ်အတိုင်း 103 ဆို 103 အတိုင်းပဲ နံပါတ် ပြောဝယ်တာ ပိုလွယ်ကူပါတယ်။


Capacitance များတဲ့ Electrolytic Capacitor တွေကို Multi-Meter (မြင်ဖူးမှာပါ၊ ထောက်တံ နှစ်ချောင်းနဲ့ ဒိုင်ခွက်ကလေးတစ်ခု၊ ဒါမှမဟုတ် ဂဏန်းကွက် တစ်ခု ပါပြီး စကေးတွေ ချိန်ဖို့ ဒေါက် ဒေါက် လှည့်တဲ့ ခလုတ်တစ်ခု ပါမယ်) အဲဒါနဲ့ စမ်းသပ်လို့ရပါတယ်။ အချို့ ဈေးကွက်မှာ ရောင်းနေတဲ့ ဟာတွေနဲ့ဆိုရင်တော့ ကောင်း၊ မကောင်း စမ်းသပ်လို့ပဲ ရနိုင်ပါတယ်။ ခေတ်မီ ဒီဂျစ်တယ် မီတာတွေမှာတော့ Capacitor တွေကို စမ်းသပ်တဲ့ဟာတွေ ပါလာပါပြီ။ ဒစ်ဂျစ်တယ်မဟုတ်တဲ့ Analog (ဒိုင်ခွက်နဲ့)မီတာတွေမှာတော့ မပါသေးပြန်ပါဘူး။ ဒါ့ကြောင့် လောလောဆယ် Analog မီတာနဲ့ ပဲ ကောင်းမကောင်း စမ်းသပ်တဲ့ နည်းလမ်းလေးကို တင်ပြ ပေးပါမယ်။


တိုင်းတာချင်တဲ့ Capacitor ကို Circuit ကနေ ဖြုတ်လိုက်ပါ။ လုံးလုံးလျားလျား မဖြုတ်ချင်ဘူးဆိုရင်လည်း တစ်ဖက်ဖြုတ်ရပါမယ်။ မဖြုတ်ဘဲ တိုင်းရင် ကျန်တဲ့ ပတ်လမ်းတစ်ခုလုံးနဲ့ ဆက်စပ်နေတဲ့အတွက် အမှန်မရပါဘူး။ ဖြုတ်ပြီးပြီဆိုတာနဲ့ ပထမဆုံး Discharge လုပ်ရပါမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ Capacitor မှာ သိုလှောင်ထားတဲ့ လျှပ်စစ်တွေကို အရင် ကုန်အောင် ထုတ်ပစ်ရမှာပါ။ ဘယ်လို Discharge လုပ်ရမလဲ ဆိုတော့ အလွယ်ဆုံးနည်းလမ်းကတော့ လျှပ်ကူးပစ္စည်း တစ်ခုခုနဲ့ Capacitor ရဲ့ အစ နှစ်ဖက်ကို Short တိုက်လိုက်ပါ။ လျှပ်စစ်တွေ ရှိနေသေးတယ်ဆိုရင် ဖောင်းကနဲ အသံမြည်ပြီး မီးပွင့်သွားပါ့မယ်။ မရှိရင်တော့ ဘာမှ မြည်မှာ မဟုတ်တော့ပါ။ အနည်းဆုံး ငါးစက္ကန့်လောက် ထိထားရမှာပါ။ ပြီးရင် စ တိုင်းလို့ရပါပြီ။

မီတာမှာ အုမ်းတိုင်းတဲ့ စကေးကို ခလုတ်လှည့်ပြီး ချိန်းထားလိုက်ပါ။ ပြီးရင် အနက်ကို အနှုတ်ဘက်မှာထား၊ အနီကို အပေါင်းဘက်မှာထားပြီး Capacitor ရဲ့ ငုတ် နှစ်ခုကို ထောက်တံနဲ့ ထောက်ကြည့်ပါ။ ဒိုင်ခွက်ကိုကြည့်ပါ။ ဘာမှ ပြောင်းလဲမှု မရှိရင် အနက်ကို အပေါင်းဘက်၊ အနီကို အနှုတ်ဘက် ပြောင်းပြီး ထပ် ထောက်ကြည့်ပါ။ မီတာလက်တံလေး ဆတ်ကနဲ ထိုးတက်သွားပြီး ဖြည်းဖြည်းလေး ပြန်ကျလာတယ် ဆိုရင် အဲဒီ Capacitor ကောင်းပါသေးတယ်။ တကယ်လို့ ဘယ်လို ထောက်ထောက် ဘာမှ လက်တံ မလှုပ်လာဘူး၊ တက် မလာဘူးဆိုရင်တော့ Open ဖြစ်သွားပါပြီ။ ဆိုလိုတာက အထဲမှာ ပြတ်တောက်သွားပါပြီ။ ဘယ်လိုပဲ ထောက်ထောက် မီတာလက်တံက အဆုံးအထိပဲ တက်နေတယ် ပြန်ကို ကျမလာဘူး ဆိုရင် အဲဒါ Short ဖြစ်နေပါပြီ။ အထဲမှာ သတ္ထုပြား နှစ်ခု ထိနေလို့ပါ။

ဒီပို့စ်မှာ Capacitor နဲ့ပတ်သက်တဲ့ အခြေခံအချက်ကလေးတွေကိုပဲ ရှင်းပြပေးသွားတာ ဖြစ်ပါတယ်။ ထရန်စစ္စတာ၊ LED ၊ Inductor၊ Transformer စတဲ့ အခြေခံ Component လေးတွေအကြောင်း တင်ပေးပြီးတာနဲ့ လွယ်ကူ ရိုးရှင်းတဲ့ အခြေခံ ဆားကစ် တည်ဆောက်နည်းလေးတွေ၊ Arduino ကို အသုံးပြုပြီး အော်တိုမေးရှင်း စနစ်အသေးစားလေးတွေတည်ဆောက်တာတွေကို တင်ပေးတော့မှာပါ။

စိတ်ပါဝင်စားစွာ ဖတ်ရှုပေးတဲ့ လျှပ်စစ်ဝါသနာရှင်များအားလုံးကို အထူး ကျေးဇူးတင်ရှိပါတယ်။ ပိုမိုတတ်ကျွမ်းနားလည်သော မိတ်ဆွေများ ဝင်ရောက် ဆွေးနွေး နိုင်ဖို့ ဖိတ်ခေါ်ပါတယ်။





Aung-Technology

မိုဘိုင်းဖုန်းဖြင့် လှပသော ဓာတ်ပုံများ ရိုက်ကူးခြင်း၏ လျှို့ဝှက်ချက်(၂၂)ခု

                     မိုဘိုင်းဖုန်းဖြင့် လှပသေသပ်သော ဓာတ်ပုံများ ရိုက်ကူးနည်း ပထမဆုံး ဗဟုသုတအနေနဲ့ ဒီဂျစ်တယ်ကင်မရာများ မပေါ်ပေါက်မီအသုံးပြုခ...