Monday, December 30, 2019

ကွန်ပျူတာသုံးစွဲသူများအတွက် Registry အကြောင်းသိကောင်းစရာ

ကွန်ပျူတာသုံးစွဲသူများအတွက် 

Registry အကြောင်းသိကောင်းစရာ

(အပိုင်း-၁)


Registry ဆိုတာဘာလဲ


Register (ရီဂျစ်စ်တာ)ဆိုတဲ့ အသုံးအနှုန်းကို အားလုံးကြားဖူးကြပါတယ်။ ဒီ Website ကို သွားဖို့အတွက် သင့်ရဲ့ အီးမေးလ်နဲ့ Register လုပ်ပါ ဆိုတာမျိုး မြင်ဖူးကြမှာပေါ့နော်။ Register ဆိုတာ မှတ်ပုံတင်တာပါ။ ဝက်ဘ်ဆိုဒ်တစ်ခုကို ဝင်ဖို့ အီးမေးလ်နဲ့ မှတ်ပုံတင်ပါ၊ စာကြည့်တိုက်မှာ စာအုပ်ငှားဖို့ မှတ်ပုံတင်ပါ၊ သင်တန်းတက်ဖို့ သင်တန်း မှတ်ပုံတင်ပါ စသည်ဖြင့် စသည်ဖြင့်။ မှတ်ပုံတင်ပြီဆိုကတည်းက ကိုယ့်ရဲ့ အချက်အလက်တွေ လိုသလို ပေးရတာပေါ့။

ကွန်ပျူတာမှာ Registry ဆိုတဲ့ တစ်ခု ရှိပါတယ်။ သူ့အလုပ်က အပေါ်မှာ ပြောခဲ့သလိုပဲ မှတ်ပုံတင်တဲ့ အလုပ် သီးသန့်ကို လုပ်တယ်။ ဘာတွေကို မှတ်ပုံတင်တာလဲ။ ကွန်ပျူတာထဲကို ထည့်သွင်းသမျှ အချက်အလက်တွေ၊ ဆော့ဝဲတွေ၊ ဆက်တင်တွေ အားလုံး အားလုံးကို မှတ်ပုံတင်တယ်။ ကွန်ပျူတာကြီးတစ်ခုလုံးမှာ အရေးအကြီး ဆုံး အစိတ်အပိုင်း တစ်ခုအနေနဲ့တောင် ပြောလို့ရပါတယ်။ ဝင်းဒိုးစ်စနစ်အတွက်ပေါ့။

ကျွန်တော်တို့ Software တစ်ခု Install လုပ်လိုက်တာနဲ့ သူက မှတ်ပုံတင်ထားတယ်၊ ဘယ်နေ့မှာ ဘယ်နေရာမှာ ဘယ်ကုမ္ပဏီထုတ် ဆော့ဝဲကို မှတ်ပုံတင်လိုက်တယ် စသည်ဖြင့်၊ ကွန်ပျူတာရဲ့ စခရင် အလင်း အမှောင်ကို ချိန်လိုက်တယ်၊ သူက မှတ်ပုံတင်ထားတယ်၊ Driver တစ်ခု တင်လိုက်တယ်၊ သူက မှတ်ပုံတင်ထားတယ်၊ လူက ဘာပဲ ပြောင်းလဲမှု ပြုပြင်မှု လုပ်လုပ် သူက မှတ်ပုံတင်ထားတယ်။ သူ့အလုပ်က အဲဒါပဲလေ။ အဲလို သူ့ထဲကို မှတ်ပုံတင်သွင်းလိုက်တဲ့ အချက်အလက်တွေကို Registry Entry လို့ ခေါ်ပါတယ်။

Registry Editor ဆိုတာဘာလဲ


Registry Editor ဆိုတာ ကွန်ပျူတာထဲမှာ တစ်စုံတစ်ခုသော လုပ်ပိုင်ခွင့်ကိုပဲဖြစ်ဖြစ်၊ ပုံပန်းသဏ္ဍာန်ကို ဖြစ်ဖြစ် ပြောင်းလဲဖို့၊ တားဆီးဖို့၊ ပိတ်ပင်ဖို့၊ ခွင့်ပြုဖို့ စတဲ့ လုပ်ဆောင်ချက်တစ်ခုခုကို လိုချင်တဲ့အခါ User ကိုယ်တိုင်က ဝင်ပြီး Registry ထဲကို ဝင်ပြင်နိုင်အောင် လုပ်ပေးထားတဲ့ ဝင်းဒိုးစ်မှာ နဂိုပါတဲ့ Software ပါ။ သူလည်း အရေးအကြီးဆုံး VIP မို့ သူမရှိရင် ဝင်းဒိုးစ် လုံးဝ အလုပ်မလုပ်နိုင်ပါဘူး။

Registry နဲ့ ဘာလုပ်လို့ရလဲ


Registry အကြောင်းကို ဒိုးလိုမွှေ ရေလိုနှောက်နိုင်ပြီဆိုရင် Windows စနစ်ထဲမှာ ဆရာကြီးတစ်ဆူ ဖြစ်ပြီ လို့တောင် ပြောလို့ ရပါတယ်။ ဒါပေမဲ့ သန်းနဲ့ချီနေတဲ့ Registry Entry တွေ ပြည့်နှက်နေတဲ့အတွက် အဲဒီလို မွှေနှောက်ဖို့တော့ မလွယ်ပါဘူး။ ဘာတွေလုပ်လို့ရနိုင်လဲဆိုတော့...

ကွန်ပျူတာတစ်ခုလုံးမှာ ပါရှိတဲ့ Drive တွေ၊ Feature တွေကို ကန့်သတ်တာတွေ၊ ပြောင်းလဲတာတွေ လုပ်လို့ရပါတယ်။

Registry အား ဝင်ရောက်ပြင်ဆင်ရာတွင် သတိထားရန်အချက်များ


Registry ကို Windows စနစ်ရဲ့ ဦးဏှောက်လို့တောင် တင်စားနိုင်ပါတယ်။ Registry ထဲမှာ တစ်ခုခု မှားယွင်းထည့်သွင်းမိပြီဆိုရင် လုပ်ဆောင်ချက်တွေ ကမောက်ကမ ဖြစ်တာကနေပြီး ဝင်းဒိုးကျသွားတဲ့အထိ ပေါင်းစုံ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် တစ်ခုခု ပြင်ဆင်ဖို့အတွက် Registry Editor ကို ဝင်ရောက်ပြီးတာနဲ့ ကြိုတင်ပြင်ဆင်ရမှာက ကိုယ်လက်ရှိ ပြင်ဆင်လိုတဲ့ Entry အပိုင်းကို မပြင်ဆင်ခင်မှာ Backup လုပ်ပြီး သိမ်းဆည်းထားရမှာ ဖြစ်ပါတယ်။ ဒါမှသာ တကယ်လို့ အမှားအယွင်းရှိပါက မူလအခြေအနေအတိုင်း ပြန်လည်ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ Registry ကို ဝင်ရောက်ပြင်ဆင်နေတဲ့အချိန်မှာ မီးပျက်သွားရင် ပြဿနာ ရှိပါတယ်။ ဒါ့ကြောင့် တကယ်လို့ ပြင်ဆင်တော့မယ်ဆိုရင် မီးအားမပြတ်ရရှိနိုင်ဖို့ သတိပြုပါ။

Registry ကို ဘယ်မှာ သွားပြင်ရမလဲ။


Windows Key နဲ့ "R" Key ကို တွဲနှိပ်ပြီး Run Box တက်လာတဲ့အခါ "regedit" လို့ စာရိုက်ပြီး Enter ခေါက်လိုက်ပါ။ အောက်မှာ ပြထားတဲ့အတိုင်းပေါ့။ 
 







Registry Editor တက်လာပါလိမ့်မယ်။

Registry ထဲမှာ ဘာတွေ ပါသလဲ။

Root Key တွေပါဝင်ပါတယ်။ အဲဒါတွေကတော့
  1. HKEY_CLASSES_ROOT(HKCR)
  2. HKEY_CURRENT_USERS(HKCU)
  3. HKEY_LOCAL_MACHINES(HKLM)
  4. HKEY_USERS(HKU)
  5. HKEY_CURRENT_CONFIG(HKCC)
တစ်ခုချင်းစီခွဲခြားပြရမယ်ဆိုရင်တော့.... 
  • HKCR က Install လုပ်ထားတဲ့ Application တွေအားလုံးကို မှတ်ပုံတင်ပါတယ်။ ရှင်းလင်း မြင်သာအောင် ပြောရရင်တော့ jpg နဲ့ file type ဆိုရင် ဓာတ်ပုံဖွင့်တဲ့ Application တွေနဲ့ ဖွင့်ဖို့၊ mp3, mp4 ဆိုရင် windows media player နဲ့ ဖွင့်ဖို့ ဝင်းဒိုးစ်က Default အနေနဲ့ သတ်မှတ် ပေးထားပါတယ်။ အဲဒါကို VLC နဲ့ ပုံသေဖွင့်မယ်ဆိုပြီး ရွေးလိုက်ရင် အဲဒီနေရာမှာ သူ့ဘာသာ အလိုလို ဝင်ပြင်ဆင်ပေးပါတယ်။ ဒီထဲမှာ File အမျိုးအစားတွေအားလုံးကို ထိန်းသိမ်းပါတယ်။
  • HKCU က လက်ရှိသုံးစွဲနေတဲ့ User ရဲ့ အချက်အလက်ကို ထိန်းသိမ်းပါတယ်။ သူ့ရဲ့ Setting တွေအားလုံး ဒီထဲမှာ ထိန်းသိမ်းတယ်။ တကယ်လို့များ Computer မှာ User Account လေးငါးခု ဖွင့်သုံးတယ်ဆိုရင် ကျန်တဲ့ User တွေအတွက် အကျုံးမဝင်ပါဘူး။
  • HKLM က System ကြီးတစ်ခုလုံးနဲ့ သက်ဆိုင်ပါတယ်။ Windows ရဲ့ Password တွေဘာတွေ ညာတွေကို အဲဒီမှာ သိမ်းပါတယ်။ သူ့ကိုတော့ လူက Key တွေ ဖန်တီးပြင်ဆင်ခွင့် မပေးထား ပါဘူး။ လူကပြောင်းလဲမှုလုပ်သမျှ Windows System ကပဲ တာဝန်ယူပြီး ဒီထဲမှာ မှတ်တမ်း တင်ပါတယ်။
  • HKU ကတော့ User အားလုံးရဲ့ အချက်အလက်ကို သိမ်းဆည်းပါတယ်။ ဒါပေမဲ့ သူလည်း လက်ရှိ သုံးနေတဲ့ User ရဲ့ အချက်အလက်ကိုပဲ Loading လုပ်တာမို့ HKCU နဲ့ အတူတူပါပဲ။
  • HKCC မှာတော့ သာမန်အားဖြင့် ဘာမှ မရှိပါဘူး။ ရှိရင်လည်း ကွန်ပျူတာရဲ့ Config ဖိုင်တွေကို မှတ်တမ်းတင်ပါတယ်။ 
 
ဒီနေ့အပိုင်း(၁)မှာတော့ Registry ပြင်ဆင်တဲ့ နည်းလမ်းတွေ အများကြီးထဲက အနည်းငယ်ကို ပြောပြပါ့မယ်။ တစ်ပိုင်းထဲမှာတင် အများကြီး ရှည်ထွက်သွားမှာစိုးလို့ နှစ်ခုလောက်ပဲ ပြောပြပါ့မယ်။

ပုစ္ဆာ(၁) ကျွန်တော့်စက်ထဲမှာ ဗီဒီယိုဖိုင်တွေ အများကြီး ရှိတယ်။ အဲဒါတွေ ကူးချင်လို့ ဆိုပြီး ရုံးက ကာလသားတွေက သူတို့ဆီက Memory Stick တွေနဲ့ လာလာထိုးသွားတယ်။ ဗိုင်းရပ်စ်တွေ ကိုက်မှာစိုးလို့ အဲဒါတွေ ထိုးလို့မရအောင် ပိတ်ထားလို့ရမလား။

ရတာပေါ့။ registry editor ထဲ ဝင်လိုက်ပါ။

HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\UsbStor

အပေါ်မှာ ပေးထားတဲ့ လမ်းကြောင်းအတိုင်း အဆင့်ဆင့် ဝင်လိုက်ပါ။


 
USBStor ဆိုတဲ့ ကီးကို နှိပ်လိုက်ရင် ညာဘက်မှာ ပြထားတဲ့အတိုင်း တန်ဖိုးတွေ ပေါ်လာပါလိမ့်မယ်။



အဲဒီမှာ Start ဆိုတဲ့ Value ကို နှစ်ချက်ခေါက်လိုက်ပြီး ပုံမှန်တန်ဖိုး "3" ဆိုတာကို "4" လို့ ပြောင်းလိုက်ပါ။

ပြီးရင် USB ပေါက်မှာ Memory Stick ထိုးကြည့်ပါ။ လုံးဝအလုပ်မလုပ်တော့ပါဘူး။

ပုံမှန်အတိုင်း ပြန်သုံးချင်ရင်တော့ ခုနဟာကို "3" လို့ ပြန်ပြောင်းလိုက်ပါ။ ပုံမှန်အတိုင်း ပြန်သုံးလို့ ရသွား ပါလိမ့်မယ်။
 

တစ်ခုခု မှားသွားတဲ့အခါ မေ့သွားတဲ့အခါ ပြန်ပြင်လို့ရအောင် Backup လုပ်နည်း... 



 








ကျွန်တော်တို့က Usbstor ဆိုတဲ့ ကီးကို ပြင်မှာ ဖြစ်လို့ အဲဒီပေါ်မှာ Right Click လုပ်ပြီး Export ကို နှိပ်လိုက့်ပါ။ သိမ်းချင်တဲ့ နေရာမှာ သိမ်းလို့ရပါတယ်။ ဖိုင်နာမည်ကိုတော့ USBstor ကို ပြန်ဖွင့်(နဂိုအတိုင်းပြန်ထား)မှာမို့ USBSTOR Enable ဆိုပြီး ပေးပါ။













ခုနပြောင်းထားပြီးသား ကီးကိုလည်း အဲလိုပဲ Export လုပ်ထားမယ်။ သူ့ကိုတော့ နာမည်ကို USB Stor Disable လို့နာမည်ပေးမယ်။

အဲဒါဆို Export လုပ်ထားတဲ့ .reg နဲ့ ဆုံးတဲ့ဖိုင် နှစ်ခုရပြီ။

နောက်ဆို USB ထိုးပြီးသုံးချင်တယ်ဆိုရင် USB Enable ကို နှစ်ချက်ခေါက်ပြီး သုံးနိုင်သလို မထိုးစေချင်လို့ ပိတ်ထားမယ်ဆိုရင်လည်း USBstor Disable ကို နှစ်ချက်နှိပ်ပြီး ပိတ်နိုင်ပါလိမ့်မယ်။

ပုစ္ဆာ(၂) မနေ့က Command prompt နဲ့ Drive တွေကို ဖျောက်တဲ့နည်းတင်ထားတယ်။ အဲဒီ Command Prompt ကိုလည်း ဖျောက်ချင်တယ်။ ကိုယ့်လို ဖျောက်တတ်တဲ့သူက လာဖော်သွားမှာစိုးလို့



အိုကေ ရပြီ။ ဒါဆိုရင် ဒီလိုလုပ်။ ထုံးစံအတိုင်း Regedit ကို ဖွင့်...

HKEY_CURRENT_USER \Software \ Policies \ Microsoft \ Windows \ System ထိ အဆင့်ဆင့် သွား။

တကယ်လို့ Windows ထိပဲ ရှိပြီး အဲဒီအောက်မှာ System ဆိုတာမပါရင် Windows ကို Right Click နှိပ်ပြီး New Key ကို နှိပ် နာမည်ကို System ကိုပေးပြီး Enter ခေါက်ပါ။















ပြီးရင် အဲဒီ System ပေါ်ကို ထောက်၊ ညာဘက်ခြမ်းမှာ Default ဆိုတာတစ်ခုတည်း ရှိလိမ့်မယ်။
လွတ်တဲ့နေရာတစ်ခုကို Right Click ထောက်လိုက်ပြီး New မှာ DWORD Value ကို ရွေးလိုက်ပါ။



















အဲဒီနာမည်နေရာမှာ DisableCMD လို့ ရိုက်ပြီး Enter ခေါက်လိုက်ပါ။ ပြီးရင် အဲဒီ DisableCMD ဆိုတဲ့ Value လေးကို နှစ်ချက် နှိပ်လိုက်ပါ။

အောက်မှာပြတဲ့အတိုင်း ပေါ်လာရင် တန်ဖိုး "0" ကို 1 လို့ ပြောင်းလိုက်ပါ။

ပြီးရင် Command Prompt ကို ဖွင့်ကြည့်လိုက်ပါဦး။ ရသေးလားလို့။ ရတော့ ရတယ်။ ဘာမှ သုံးလို့ မရတော့ဘူး။

ကိုယ်တိုင် Command Prompt ဖွင့်ချင်ရင်တော့ ခုနကလိုမျိုး 0 လို့ပဲ ပြန်ဖွင့်ပါ။

Backup လုပ်ဖို့ မမေ့နဲ့နော်။






ပျော်ရွှင်နိုင်ကြပါစေ။



Aung Technology

Sunday, December 29, 2019

ကွန်ပျူတာမှာ မမြင်စေချင်တဲ့ Drive တွေ ဖျောက်ကြည့်ရအောင်

မမြင်စေချင်တဲ့ Drive တွေ ဖျောက်မယ်




ကွန်ပျူတာသုံးစွဲသူတိုင်း ကွန်ပျူတာရဲ့ Harddisk မှာ C နဲ့ D ကိုတော့ အနည်းဆုံး သိကြပါတယ်။ C ကို ဝင်းဒိုး တင်ထားတဲ့ Partition အဖြစ် သိသလို D ကို အချက်အလက်တွေ သိမ်းတဲ့ Partition အဖြစ် သိကြပါတယ်။

ဝင်းဒိုး တင်တဲ့အခါ Windows System က C ကိုပဲ ပုံသေရွေးတင်ပေးတာမဟုတ်ပါဘူး။ တင်တဲ့လူတွေကိုယ် တိုင်ပဲ C  ကို ဝင်းဒိုးထားမဲ့ အပိုင်းအဖြစ် သတ်မှတ်ပြီး တင်ကြတာပါ။ ဒါပေမဲ့ အဲဒီသတ်မှတ်ချက်က ကွန်ပျူတာနယ်ပယ်မှာ အလေ့အထတစ်ခုလို ဖြစ်နေကြပါပြီ။ တင်တာတော့ D မှာပဲ တင်လည်း ရတယ်။ ဘာမှကို မဖြစ်ဘူး။ အခြားဒေတာတွေ မရှိတဲ့ Partition အလွတ်တစ်ခုကို NTFS Format နဲ့ Format ရိုက်ထားတယ်ဆိုရင် တင်လို့ရပါတယ်။

လမ်းကြောင်းက ချော်ပြန်ပြီ။

အဲဒီထဲက Data Partition တွေကို ဘယ်လို အက္ခရာတွေ ပြောင်းမယ်၊ ဘယ်လို ဖျောက်မယ်ဆိုတာလေးကို ဒီနေ့ပြောပြပါ့မယ်။

လျှို့ဝှက်ချက်တွေ၊ကိုယ်ရေးကိုယ်တာဖိုင်တွေ၊အမှတ်တရဓာတ်ပုံတွေကို သူများ မမြင်စေချင်တဲ့အခါ ဘယ် လို ဖျောက်ထားမလဲဆိုတာလေး ပြပါမယ်။

ဖိုင်ကို Hidden လုပ်ထားရင် Folder Option ကို ကလိတတ်တဲ့သူက ဆယ်စက္ကန့်အတွင်းမှာ ပြန်ဖော်သွား ပါလိမ့်မယ်။

ဒီတော့ အဲဒီလို ပြန်ဖော်လို့ မရအောင် D, E, F, G စတဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ရှိတဲ့ Partition တွေကို အလုံးလိုက် ဖျောက်လိုက်ကြရအောင်...

စမယ်နော်။

Windows+R တွဲနှိပ်ပြီး Run Box ကို ခေါ်လိုက်ပါ။

အဲဒီထဲမှာ ပုံမှာ ပြထားတဲ့အတိုင်း cmd ဆိုပြီး ရိုက် အိုကေကို နှိပ်လိုက်ပါ။

ဒီလိုမျိုး ကိုယ့် ကွန်ပျူတာရဲ့ နာမည်နဲ့ Command Prompt ဆိုတဲ့ အမည်းရောင် ဘောက်စ်ကြီး တက်လာ ပါလိမ့်မယ်။

အဲဒီထဲမှာ diskpart ဆိုပြီး ရိုက်ထည့်။ Enter ခေါက်လိုက်ပါ။ ခဏစောင့်လိုက်ပါ။


အောက်ပါအတိုင်း ပေါ်လာပါလိမ့်မယ်။



ကောင်းပါပြီ။ အဲဒီထဲမှာ  list vol ဆိုပြီး ရိုက်ထည့်လိုက်ပါ။ ပြီးရင် Enter ခေါက်ပါ။ ဒီလိုလေး ပေါ်လာမယ်။
အဲဒါ Drive အားလုံးရဲ့ Volume တွေပဲ။

အဲဒါလေးကို ခဏ ထားခဲ့မယ်ဗျာ။ ကျွန်တော်တို့ ဖျောက်ချင်တဲ့ Drive ကို အရင်သွားကြည့်မယ်။

အဲဒီထဲမှာ ကျွန်တော့်ရဲ့ လုပ်ငန်းဆိုင်ရာ ကိစ္စတွေ ပါတယ်။ Drive (H) ပေါ့။ အဲဒါကို ဖျောက်မယ်။
ဖျောက်ချင်တဲ့ Drive Letter "H" ဆိုတာကို စိတ်ထဲမှာ မှတ်ထားလိုက်ပေါ့။ ခုန command prompt ထဲကို ပြန်သွားမယ်။
အဲဒီထဲမှာ Ltr ဆိုတဲ့ အတိုင်အောက်က Driver Letter C,D,E,F,H ဆိုတာတွေ ရှိတယ်။ ကျွန်တော်က H ကို ဖျောက်ချင်တာဆိုတော့ D ရဲ့ Vol ကို ကြည့်လိုက်တယ်။ Vol 7 တဲ့။

select vol 7 လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။ volume 7 ကို ရွေးလိုက်ပါပြီ။
Volume 4 is the selected volume ဆိုတဲ့ စာတန်းပေါ်လာပြီ။ ရွေးလိုက်ပြီးပါပြီ။
remove letter H ဆိုပြီး စာရိုက် Enter ခေါက်ပါ။
အောက်မှာ ကျွန်တော် အဝါရောင်မျဉ်းနဲ့ ပြထားတဲ့အတိုင်းပဲ "DiskPart successfully removed the drive letter or mount point." ဆိုတဲ့ စာသား ပေါ်လာပါလိမ့်မယ်။ အဲဒါဆိုရင်တော့ ကျွန်တော်တို့ ဖျောက်ချင် တဲ့ Drive တစ်ခုကို အောင်မြင်စွာ ဖျောက်ပြီး ဖြစ်ပါတယ်။

ဒါဆိုရင် ကျွန်တော်တို့ ဖျောက်ချင်တဲ့ Drive H ကို ရှာတွေ့နိုင်သေးလားလို့ တစ်ချက် သွားရှိုးရအောင်...

ဟာ !!! ရှိတော့ဘူးဗျ


တကယ်ကြီး ပျောက်သွားတာပါ။

ဘယ်သူပဲ လာရှာရှာ ဘယ်မှာမှ ရှာလို့ မတွေ့တော့ဘူးဗျ။

ဘယ်လိုပြန်ဖော်မလဲ

ပျောက်သွားတော့ နည်းနည်း စိတ်ပူသွားတယ်မို့လား။ ဘာမှ စိတ်မပူနဲ့ ပြန်ဖော်နည်းက လွယ်လွယ်လေး။ ခုန List Vol ထိ အဆင့်ဆင့် သွားလိုက်။ ခုနက ဖျောက်လိုက်တဲ့ Drive မှာ Letter ပျောက်နေတယ်။ Drive နာမည်ကို Secret လို့ ပေးထားတာနော်။ ကျန်တဲ့ဟာတွေမှာ Letter ကိုယ်စီရှိတယ်။ သူ့မှာ မရှိ။

သူ့ကို နာမည်ပြန်ပေး ကင်ပွန်းပြန်တပ်ရမယ်။ ဒီတစ်ခါတော့ ကျွန်တော်တို့ နည်းနည်းလေး အဆန်းထွင် ကြည့်ရအောင်။ နဂို Drive "H" ဆိုတာ မပေးချင်ဘူး။ "X" ဆိုပြီး ပေးချင်တာ။

Vol 7 ဆိုတာ မြင်နေရပြီပဲ။ Select Vol 7 ရိုက်ပြီး Enter ခေါက်...

Select လုပ်ပြီးတာနဲ့

အောက်မှာ ပြထားတဲ့အတိုင်း Assign letter X ဆိုပြီး ရိုက်ထည့် Enter ထပ်ခေါက်လိုက်ပါ။
DiskPart successfully assigned the drive letter or mount point. ဆိုတဲ့ စာသား ပေါ်လာပါလိမ့်မယ်။

အဲဒါကို တကယ် X နဲ့ ပြန်ပေါ်လာတာ ဟုတ်မဟုတ် ဒီမှာ တစ်ခါတည်း ကြည့်ရအောင်
List vol ဆိုတာ ထပ်ရိုက်ပြီး Enter ခေါက်လိုက်ပါ။
ဒီမှာတော့ ပေါ်လာပြီဗျ။

My Computer ထဲမှာ ပေါ်မပေါ် သွားကြည့်ရအောင်လေ...

ဝိုးးးး !!! ဝေါင်း ဝေါင်း အမေးဇင်း !!  အဲလေ Myanmar Idol ကြည့်ပြီး ယောင်ကုန်ပြီ။


ကျွန်တော်တို့ ပေးချင်တဲ့ Drive Letter X နဲ့ ပေါ်လာပါပြီဗျာ။ X က H ထက် အက္ခရာစဉ် နောက်ကျလို့ အောက်ကို ရောက်သွားတာပါ။ တကယ်လို့ မူလ H ပဲ ပြန်ပေးချင်တာဆိုရင်တော့ assign letter H ဆိုပြီး ထည့်ရမှာပေါ့နော်။

စိတ်မချနဲ့ဦး

ကျွန်တော်တို့ ဒါကို ဖျောက်တာ ဖော်တာတွေကို Command Prompt သုံးပြီး လုပ်လိုက်တာပါ။

တစ်ခုရှိတာက မိတ်ဆွေတို့ရဲ့ အိမ်သူ သက်ထား ဇနီးမယားသော်လည်းကောင်း၊ ခင်ပွန်းသော်လည်းကောင်း၊ ဘာညာသာရကာသော်လည်းကောင်း တို့သာ ဒီနည်းစနစ်ကို သိထားမယ်ဆိုရင်တော့ သူတို့လည်း အလွယ် တကူ ပြန်ဖော်လို့ရမှာပေါ့နော်။

အဲလို အလွယ်တကူ ပြန်ဖော်လို့ မရနိုင်အောင် command prompt ကို ပိတ်လို့ရမဲ့ နည်းလမ်းကိုတော့ နောက်တစ်ပို့စ်မှာ ဆက်လက်စောင့်စားအားပေးကြပါဦးခင်ဗျ။


PDF လုပ်ပြီးသား လိုချင်တယ်ဆိုရင် အောက်မှာ ဒေါင်းလုဒ်ရယူပါ


နေ့စဉ် အင်တာနက်ချိတ်ဆက်ပြီး တစ်ကြိမ် Update လုပ်ထားရုံနဲ့ Offline မှာ ဖတ်ရှုဖို့ သိမ်းထားနိုင်ဖို့၊ နေ့စဉ် Update တွေကို ဖတ်နိုင်ဖို့အတွက် Aung-Technology App ကလေး Install မလုပ်ရသေးရင် ဒီမှာ ဒေါင်းပါ။



ကျေးဇူးတင်ပါတယ်ခင်ဗျာ


Aung Technology

ဖိုတိုရှော့ မြန်မာလို သင်ကြမယ်

No photo description available.

ဖိုတိုရှော့ မြန်မာလို သင်ကြမယ်

 Photoshop ကို လူတိုင်း သိပါတယ်။
ဒါပေမဲ့ Photoshop နဲ့ ဓာတ်ပုံတွေကို ဘယ်လို ဖန်တီးရမယ်ဆိုတာတော့ လူတိုင်း မသိနိုင်ပါဘူး။

ဓာတ်ပုံလေးတွေမှာ နောက်ခံပြောင်းတာ၊ ခေါင်းဖြတ်ကိုယ်ဆက် လုပ်တာက စပြီး စမ်းတဝါးဝါးလုပ်ကြည့်နေတာထက်စာရင် မြန်မာလို ရှင်းပြပြီး လိုက်လုပ်လို့ အဆင်ပြေနိုင်မဲ့ စာအုပ်ကလေးတွေ လိုချင်တဲ့သူများအတွက် ဒီစာအုပ်ကလေးကို တင်ပေးလိုက်ပါတယ်။

မှတ်ချက်။ ကျွန်တော်ရေးထားတာမဟုတ်ပါ။ Designer Nagar ရေးထားတာ ဖြစ်ပါတယ်။ ပြန်လည်မျှဝေခြင်းသာ ဖြစ်ပါတယ်။

ဓာတ်ပုံဆိုင်ဖွင့်မလား...

စတေကာ ဖောက်မလား...

ဗီနိုင်းထုတ်မလား...

ဖိတ်စာရိုက်မလား...

အင်္ကျီတွေ တံဆိပ်ရိုက်မလား...

တံဆိပ်တုံးတွေ လုပ်မလား...

ဉာဏ်ရှိသလို သုံးနိုင်ပါတယ်

ရေခဲပြင်ပေါ်မှာ နေမလား၊ မီးလျှံကြားထဲမှာ နေမလား...

မြန်မာနိုင်ငံမှာ မိုးပျံရထားလမ်း ဖောက်မလား(ဖိုတိုရှော့နဲ့ပြောတာ)

ကျွမ်းကျင်ရင် ကျွမ်းကျင်သလို အကုန်လုပ်လို့ ရပါတယ်။

ဒီစာအုပ်တစ်ခုတည်းနဲ့တော့ ပညာရှင်ကြီး ဖြစ်လာမှာ မဟုတ်ပါ။ ဒါပေမဲ့ ကျွမ်းကျင်သူတစ်ဦးဖြစ်ဖို့တော့ အထောက်အကူ ပြုပါလိမ့်မယ်။

လှေကားထစ်ကို ကျော်မနင်းမိဖို့သတိပြုပါ။ တစ်ထစ်လောက် ကျော်နင်းရင် ညောင်းတယ်ဗျ။ ကြာကြာ မနင်းနိုင်တော့ဘူး။

နှစ်ထစ်သုံးထစ် ကျော်နင်းရင် ချော်ကျပြီး ရှေ့မရောက်နိုင်ပါ။

တစ်ထစ်ပြီး တစ်ထစ် ပုံမှန်သာ နင်းသွား ပန်းတိုင် သိပ်မဝေးပါဘူး။

စာအုပ်လိုချင်သူများ အောက်မှာ ယူနိုင်ပါပြီ။

Mediafire မှ ဒေါင်းရန်


Google Drive Link မှ ဒေါင်းရန်


ကျေးဇူးတင်ပါတယ်.

Aung Technology

Microsoft Office Excel ကို စနစ်တကျ တတ်မြောက်လိုသူများအတွက်

No photo description available.

Excel ကို စနစ်တကျ လေ့လာလိုသူများအတွက်

စာရင်းကိုင်လုပ်ငန်းလုပ်ဖို့ စဉ်းစားနေသူများ။
ဘဏ်မှာ အလုပ်ဝင်မည့်သူများ။
အစိုးရဌာနများမှာ အလုပ်လျှောက်မည့်သူများ။
ကိုယ်ပိုင်လုပ်ငန်းကို စနစ်တကျ ထိန်းချုပ်ကိုင်တွယ်လိုသူများ။
ကွန်ပျူတာအကြောင်းကို စတင်လေ့လာမည့်ကျောင်းသား ကျောင်းသူများအတွက်...

Micorsoft ဆိုတာ ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီကြီးတစ်ခုပါ။
တစ်ကမ္ဘာလုံး နီးပါးက Microsoft ကထုတ်တဲ့ Product ကို အသုံးပြုနေကြပါတယ်။
ကျွန်တော်တို့နိုင်ငံရဲ့ အစိုးရ/ပုဂ္ဂလိက လုပ်ငန်းအားလုံးမှာ ရုံးလုပ်ငန်း ဆောင်ရွက်ဖို့ Microsoft Office ကို အသုံးပြုကြပါတယ်။

စာစီစာရိုက်ဖို့အတွက် Microsoft Word.
စာရင်းဇယားတွေ၊ ဂရပ်တွေ၊ ဖော်ြမူလာတွေကို ကိုင်တွယ်ဖို့အတွက် Microsoft Office Excel...
တင်ပြချက် Presentation တွေ ပြုလုပ်ဖို့အတွက် Microsoft Office Powerpoint...
Web Page တွေ တည်ဆောက်ဖို့အတွက် Microsoft Office Publication...
Database တွေ တည်ဆောက်ထိန်းသိမ်းဖို့အတွက် Microsoft Office Access...
စသည်ဖြင့် Microsoft Office ကို အသုံးပြုရပါတယ်။

တကယ်တော့ Microsoft Office ဆိုတဲ့ Application ထဲမှာ အပေါ်ကဟာတွေ အကုန်ပါပြီးသားပါ။ Excel ပဲ သုံးသုံး၊ Word ပဲ သုံးသုံး Microsoft Office ကို တင်ထားပြီးတာနဲ့ အားလုံး သုံးလို့ ရပါတယ်။

အများဆုံး အသုံးပြုကြတာကတော့ Microsoft Office Excel.  Microsoft Office Word နဲ့ Microsoft Office Powerpoint ပါပဲ။

ဒီသုံးခုကို ကျွမ်းကျင်ပိုင်နိုင်ပြီဆိုရင် ရုံးလုပ်ငန်းအတော်များများကို ကောင်းကောင်းကြီး လုပ်လို့ရပါပြီ။

အဲဒီထဲကမှ Microsoft Office Excel အသုံးပြုနည်းစာအုပ်ကလေး တင်ပေးပါရစေ။

Excel နဲ့ လုပ်နဲ့တဲ့အရာတွေကတော့...

ဇယားကွက်တွေကို အလိုရှိတဲ့ပုံစံအတိုင်း ဆွဲလို့ရမယ်။
ဇယားကွက်တွေထဲမှာ Formula တွေ ထည့်ပြီး တွက်ချက်လို့ရမယ်။
တန်ဖိုး အတိုး၊ အလျော့တွေအတွက် Graph တွေ ဆွဲလို့ရမယ်။
စာရင်းပြုစုထားပြီး မျိုးတူစုတဲ့ လုပ်ငန်းတွေ ဆောင်ရွက်လို့ရမယ်။
စသည်ဖြင့် သူ့ရဲ့ လုပ်ဆောင်နိုင်စွမ်းရည်တွေကတော့ မနည်းမနောပါပဲ။

ကျွန်တော် Excel နဲ့ ပတ်သက်လို့ အတော်လေး ကျွမ်းကျင်ပါတယ်။ နေ့စဉ် စာရင်းဇယားတွေ လုပ်နေရတာဖြစ်တဲ့အတွက် Professional အဆင့် မဟုတ်ဘူးဆိုရင်တောင် Intermediate (အလယ်အလတ်တန်း) အဆင့်ထက် ပိုပါတယ်။ ဒါပေမဲ့ ဒီစာအုပ်ဖတ်တဲ့အချိန်မှာ ကျွန်တော် မသိရသေးတဲ့ အကြောင်းအရာတွေ အများ ကြီး ရှိနေပါသေးလားဆိုတာ သိလိုက်ရတယ်။ ကိုယ့်ကိုယ်ကို ပညာ မစုံသေးဘူးဆိုတာလည်း သိလိုက်ရတယ်။

ဒီစာအုပ်က မိတ်ဆွေတို့ လက်ရှိ လုပ်နေတဲ့၊ လုပ်ဖို့ကြံရွယ်နေတဲ့ လုပ်ငန်းနဲ့ မပတ်သက်ဘူးဆိုရင်တော့ ငွေကုန်ခံပြီး မဒေါင်းပါနဲ့။ တကယ်မသုံးဘဲနဲ့ လိုက်ဖတ်ရင် ဘယ်လိုမှ နားမလည်နိုင်ပါ။ တကယ်သုံးမဲ့သူ၊ စတင်သုံးနေတဲ့သူ၊ သုံးစွဲရာမှာ အခက်အခဲရှိနေတဲ့သူ၊ ပိုပြီး ကျွမ်းကျွမ်းကျင်ကျင် သိချင်တတ်ချင်သူများအတွက်ပဲ ရည်ရွယ်ပါတယ်။

Excel ကိုသာ တကယ် ဆရာကျကျ ကျွမ်းကျင်သွားပြီဆိုရင် ဘယ်ဌာနမှာပဲ စာရင်းကိုင်၊စာရေးအလုပ် ဝင်လုပ်လုပ် သူများထက် နှာတစ်ဖျားမက ဦးခေါင်းတစ်လုံး တောင် သာနိုင်ပါတယ်။ လွယ်တဲ့ဘာသာရပ်တစ်ခုတော့ မဟုတ်ပါဘူး။ ဒီစာအုပ်တစ်အုပ်တည်းနဲ့တော့ အကုန်လုံး ပါမောက္ခလောက် တတ်မှာ မဟုတ်တာ သေချာပေမဲ့ အခြေခံမရှိရင် အဆင့်မြင့် တတ်မြောက်ဖို့ မလွယ်တာကြောင့် အခြေခံကစပြီး လေ့လာသင့်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါကြောင်း...

တရားဝင် ပုံနှိပ်ထုတ်ဝေထားတဲ့ စာအုပ်ဖြစ်တဲ့အတွက် မူပိုင်ခွင့်ကို လေးစားသောအားဖြင့် စာအုပ်လင့်ခ်ကို ၁-၁-၂၀၂၀ ရက်နေ့တွင် ဖျက်သိမ်းမည်ဖြစ်သဖြင့် လိုအပ်ပါက တစ်ပတ်အတွင်း ရယူ ထားပါရန်နှင့် မဒေါင်းဖြစ်လိုက်ပါက မက်ဆင်ဂျာမှာ လာရောက်ဆက်သွယ်တောင်းယူပါရန် မေတ္တာရပ်ခံပါတယ်။

လိုချင်သူများ အောက်မှာ ဒေါင်းနိုင်ပါပြီ...

ဒေါင်းဖို့ အခက်အခဲရှိတဲ့သူတွေ များနေတဲ့အတွက် Mediafire လင့်ခ် တစ်ခု၊ Google Drive Link တစ်ခု ချပေးထားပါတယ်။
Google Drive မှာတော့ တိုက်ရိုက်ပါ ဖတ်လို့ရပါတယ်။

Mediafire မှ Zip File ဒေါင်းရန်။

Google Drive မှ ဖတ်ရန်၊ ဒေါင်းရန်။

ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

Aung-Technology

Saturday, December 28, 2019

Android Phone မျိုးစုံကို Firmware ရေးသားနည်း

Firmware ရေးမယ်



Firmware ဆိုတာ...


Firmware ဆိုတာ Device ရဲ့ Read Only Memory(ROM) ထဲကို ရိုက်သွင်းပေးထားတဲ့ Program တစ်ခုဖြစ်ပြီးတော့ Firmware ရဲ့ လုပ်ဆောင်ချက်ကတော့ Device တွေကြားမှာ ဘယ်လိုလုပ်ငန်းဆောင်တာတွေကို လုပ်ရမယ်ဆိုတာကို သတ်မှတ် ရေးသားထားတဲ့ ပရိုဂရမ် တစ်ပုဒ် ဖြစ်ပါတယ်။
Firmware ကို မြင်သာအောင် ဥပမာလေး ပေးကြည့်ရအောင်...
မွေးကင်းစ ကလေးတွေ မိခင်ဝမ်းထဲက ထွက်လာတာနဲ့ "အူဝဲ" ဆိုတဲ့ ငိုသံလေးနဲ့ ခြေလေး လက်လေးတွေ လှုပ်ရှားလာတယ်မို့လား။ သူ့ကို ဘာမှ သင်ပေးစရာမလိုဘဲကို မိခင်မွေးလာကတည်းက ငိုတာနဲ့ လှုပ်ရှားတတ်တာလေး ပါလာတယ်။ အဲဒါကို Firmware လို့ သတ်မှတ်လိုက်ပါ။
သူ့အတွက် ငိုဖို့အတွက် အထူးတလည် ဘာမှ သင်ပေးစရာ မလိုပါဘူး။ နို့စို့ဖို့ အထူးတလည် သင်ပေးစရာ မလိုပါဘူး။ မိခင်ဝမ်းထဲက မွေးထုတ် လိုက်ကတည်းက အဲဒီလုပ်ငန်း အလိုအလျောက် ပါလာပြီး ဖြစ်ပါတယ်။ ဒါကို သဘာဝတရားကြီးက မွေးတာနဲ့ ငိုရမယ် နို့စို့ရမယ် ဆိုပြီး သတ်မှတ် ပေးလိုက်တာ ဖြစ်ပါတယ်။
Device တစ်ခု ရဲ့ Firmware ဆိုတာလည်း အဲဒီလိုပါပဲ။ စက်ရုံကနေ ထုတ်လိုက်ကတည်းက သူ့ရဲ့ ROM Chip ထဲမှာ ပါဝါခလုတ်နှိပ်ရင် စခရင် မီးပွင့်ရမယ်၊ OS ကို မောင်းနှင်ရမယ်၊ ပျက်စီးနေရင် အချက်ပြရမယ် ဆိုတဲ့ Device ကို အလုပ်လုပ်ပေးရမဲ့ အခြေခံ Program တစ်ခုကို ရိုက်သွင်းပေးထားပါတယ်။ အဲဒါကို Firmware လို့ ခေါ်ပါတယ်။
Firmware ရှိပြီးသားစက်ထဲမှာ OS ကို Run ရတာပါ။ Operating System (ဥပမာအားဖြင့် Windows, Linux, Android, Mac စသည်)။ အဲဒီ OS ပေါ်မှာမှ Application တွေကို တင်ပြီး သုံးကြတယ်ပေါ့။
Android Device တွေမှာတော့ OS ကို Update လုပ်လိုက်တာနဲ့ သူ့ရဲ့ Firmware ကိုပါ သွားပြီး ပြောင်းလဲပေးပါတယ်။
Windows Device (ဥပမာ ကွန်ပျူတာ) စသည်တို့မှာ BIOS က Firmware ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ OS ကိုတော့ Hard disk မှာ သွားပြီး တင်ပါတယ်။ တစ်ခုရှိတာက Mac OS ကိုတော့ Apple ရဲ့ ထုတ်ကုန် ပစ္စည်းတွေမှတစ်ပါး တစ်ခြားဘယ်ဟာပေါ်မှာမှ အလုပ်မလုပ်ပါဘူး။ တည်ဆောက်ပုံ Architecture မတူညီလို့ပါ။
ထားလိုက်ပါတော့..ခေါင်းစဉ် ချော်သွားမယ်။
ဥပမာ တစ်ခု ထပ်ပေးမယ်။ ကလေးတစ်ယောက် ကြီးလာတဲ့အခါ သူဟာ ဘယ်ဘာသာစကားနဲ့ ပြောမလဲ၊ ဘယ်ဘာသာတရားကို ကိုးကွယ်မလဲ ဆိုတာတော့ အလိုလို ဖြစ်လာတာ မဟုတ်ဘဲ မိဘက သင်ပေးရတာမဟုတ်လား။
Operating System ဆိုတဲ့ဟာကလည်း အဲဒီလိုမျိုးပဲ၊ ဒီကိရိယာ တစ်ခုရဲ့ OS က Windows ဖြစ်တယ်၊ Linux ဖြစ်တယ် စသည်ဖြင့် စသည်ဖြင့် သတ်မှတ်လိုက်တယ်၊ သွင်ပြင်လက္ခဏာတွေ ပြောင်းသွားတယ်။ အဲဒီလိုမျိုးပေါ့ဗျာ။
ဟုတ်ပါပြီ။ ကျွန်တော်တို့ အဲဒီ OS တွေမှာ Application တွေ ထည့်ရမယ်လေ။
ကလေးတွေ ကြီးပြင်းလာတော့ စာရေးတွေဖြစ်သွားတယ်၊ ကျောင်းဆရာ ဖြစ်သွားတယ်၊ ဆရာဝန်ဖြစ်သွားတယ် စသည်ဖြင့် အသုံးချပညာရပ်တွေ အသီးသီး ရသွားတယ်။
ကဲ ဇာတ်လမ်းပေါင်းရရင်

(ကလေးတွေ ငယ်ငယ်က ငိုတတ်တယ်၊ နို့စို့တတ်တယ်(Firmware)> အဲဒီကလေးတွေကို နည်းနည်းကြီးလာတော့ ဘာသာတရားတွေ ဘာသာစကားတွေ သွတ်သွင်းပေးလိုက်တယ် (Operating System)> သူတို့ကို ပညာရပ်တွေ သင်ပေးလိုက်တယ် (Applications)) ဒီလောက်ဆိုရင် Firmware .. OS... နဲ့ Application ကို သဘောပေါက်လောက်ပါပြီ။

အခု ရေးသားနေတာတွေက သိပြီသား နောင်တော်များအတွက် မရည်ရွယ်ဘူးနော်။ မသိသေးတဲ့၊ တစ်ခါမှ မစဉ်းစားဖူးသေးတဲ့၊ ကြားသာ ကြားဖူးပြီး သေချာမသိတဲ့ မိတ်ဆွေများအတွက်သာ ဖြစ်ပါတယ်။
နိဒါန်းကြီးက ရှည်သွားတယ်။
ဒီည ပေးမဲ့စာအုပ်က Android Phone တွေကို Firmware ပြန်လည် ရေးသားခြင်းအတွက် အခြေခံဗဟုသုတလေး ရစေဖို့ စာအုပ်ကလေး တစ်အုပ်ပါ။
Mobile Phone မျိုးစုံအတွက် Firmware ရေးသားနည်း စာအုပ်။
Machine Language နဲ့ ပရိုဂရမ်ရေးသားတဲ့အထိတော့ မဟုတ်ပါဘူး။ Developer တွေ ရေးထားတဲ့ Firmware တွေကို ဘယ်လိုဒေါင်းပြီး ဘယ်လို Flash ရိုက်မယ်၊ ဖုန်းရဲ့ ROM ထဲကို ရိုက်ထည့်မယ်ဆိုတာကို ဖော်ပြထားတာပါ။
တစ်ခုတော့ သတိပေးပါရစေ။ ဒီကိစ္စက လုံးဝ အမှားမခံပါဘူး။ ဒါ့ကြောင့် လိုက်လုပ်ကြည့်မယ်ဆိုရင်လည်း ဒီစာအုပ်ကို သေချာစွာ နားလည်တတ်ကျွမ်းအောင် လေ့လာပြီးမှသာ တသဝေမတိမ်း လုပ်ပါလေ။
IMEI ပျက်စီးသွားတာတို့ဘာတို့ Hardware ပျက်စီးသွားတာတို့အတွက် ကျွန်တော် တာဝန်ယူနိုင်မည် မဟုတ်ပါ။
ကျွန်တော်လည်း အခြေခံသဘောတရားကိုသာ လေ့လာထားသူ ဖြစ်ပါတယ်။
အခန့်မသင့်ရင် သုံးမရအောင် ပျက်စီးသွားနိုင်ပါတယ်။
ဒါ့ကြောင့် ဒါ့ကြောင့် ဗဟုသုတ အနေနဲ့ ဖတ်ချင် ဒေါင်းပါ။
အခြေခံလိုချင်လို့ ဖတ်ချင် ဒေါင်းပါ။
တကယ်လို့ မှားယွင်းပြီး ပျက်စီးသွားရင်တော့ သားနဲ့ မပတ်သက်ပါ။
မူပိုင်ခွင့်ကို လေးစားသောအားဖြင့် (၄-၁-၂၀၂၀)အထိပဲ လင့်ခ်ကို ဆက် ထားပေးမှာ ဖြစ်ပြီး တစ်ပတ်ကျော်ရင်တော့ Link ပြန်ဖျက်ပေးသွား မှာပါ။
ရေးသားသူနှင့် ထုတ်ဝေသည့်စာပေတိုက်ကို Credit ပေးပါတယ်။

ဂူဂဲလ်လင့်ခ်မှာ တိုက်ရိုက်ဖတ်/ဒေါင်းနိုင်ပါတယ်။


မီဒီယာဖိုင်းယားမှာ ဇစ်ဖိုင် ဒေါင်းနိုင်ပါပြီ။




မဒေါင်းမိလိုက်လို့ နောက်ကျသွားသူများ ရှိပါက ဒီမှာ လာတောင်းလို့ ရပါတယ်။




ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ။
ကိုယ်ရောစိတ်ပါ ချမ်းမြေ့ကြပါစေ။



Aung Technology

Thursday, October 17, 2019

သိရှိလေ့လာထားသင့်သည့်ပညာရပ်တစ်ခု(သို့မဟုတ်) Arduino


Arduino

ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အလယ်တန်းကျောင်းသားတစ်ယောက်က
စက်ရုပ်တစ်ရုပ်ကို ကိုယ်တိုင်တီထွင်ဖန်တီးနိုင်နေပြီဆိုရင် ယုံမလား။

ကျွန်တော်တို့နိုင်ငံက ကလေးအချို့လည်း စက်ရုပ်ပြိုင်ပွဲမှာ သွားရောက်ပြိုင်ပွဲဝင်ပြီး ဆုတွေရခဲ့တယ်ဆိုတာတော့ သိပ်မကြာသေးတဲ့ ဂုဏ်ယူစရာအဖြစ်အပျက်ပါ။

တကယ်တော့ စက်အစိတ်အပိုင်းတွေကို ကွန်ပျူတာနဲ့ ထိန်းချုပ်မောင်းနှင်
ဖို့အတွက်က ခက်ခဲတယ်လို့ထင်ရပေမဲ့ အခြေခံအကျဆုံးကနေ စပြီး လေ့လာရင် သိပ်အခက်ခဲကြီး မဟုတ်ဘူးလို့ ယူဆရပါတယ်။

ဘယ်အရာမှ အခြေခံမှာကတည်းက လက်လှမ်းမမီလောက်အောင် ခက်ခဲနေတာ
မဟုတ်ပါဘူး။ နောက်ပိုင်းမှပဲ အခက်အခဲတွေဆိုတာ ဖြစ်လာတာပါ။ နောက်ပိုင်း
ဖြစ်ပေါ်လာမဲ့ အခက်အခဲတွေကိုတော့ အဆုံးထိကြိုးစားမယ်ဆိုတဲ့ ဇွဲသတ္တိက
အနိုင်ယူသွားပါလိမ့်မယ်။

ဒီအပိုင်းကိုတော့ စိတ်ပါဝင်စားသူများ ရှိရင် လေ့လာလို့ရအောင် တင်ပြပေးတာ
ဖြစ်ပြီး စိတ်မဝင်စားရင် ကျော်သွားနိုင်ပါတယ်။

စက်အစိတ်အပိုင်းတွေ၊ လျှပ်စစ် ဆားကစ်ဘုတ်တွေ၊ မီးလုံးတွေ စသည်ဖြင့် အဲဒါတွေ
ကို ကွန်ပျူတာကနေ ထိန်းချုပ်တဲ့စနစ်တွေ၊ ဘာသာရပ်တွေကတော့ အများကြီးပါ။

အဲဒီထဲကမှ ဈေးနှုန်းချိုသာစွာနဲ့ မြန်မာနိုင်ငံမှာတင် အလွယ်တကူ မှာယူ ရရှိနိုင်ပြီး
ဈေးချိုချိုကွန်ပျူတာ တစ်လုံးလောက် ရှိနေမယ်၊ မသိတာတွေ ရှာဖွေဖို့ အင်တာနက်
လည်း ရှိနေမယ်ဆိုရင် စတင်စမ်းသပ်လို့ ရပါပြီ။

Arduino (အာဒွီနို) လို့ ခေါ်ပါတယ်။

အာဒွီနိုဆိုတာ လျှပ်စစ်ဝါသနာရှင်တွေ သုံးတဲ့ အသင့်သုံး ဆားကစ်ပြား တစ်ခုပါ။

သူနဲ့အတူတူ တွဲဖက်သုံးဖို့ကလည်း ဘာမှ သိပ်မလိုပါဘူး။ မီးလုံးတွေ ကြိုးတွေ
တွဲလို့ရမဲ့ Bread Board တစ်ခုရယ်၊ ကိုယ်စမ်းသပ်မဲ့လုပ်ငန်းအတွက် လိုအပ်တဲ့
ကြိုးတွေ၊ ဓာတ်ခဲအိမ်တွေ၊ မီးလုံးတွေ၊ မော်တာတွေ စတဲ့ အစိတ်အပိုင်း အချို့ရယ်
ဒါတွေပဲ လိုပါတယ်။

အာဒွီနို ဆားကစ်ပြားနဲ့ BreadBoard နဲ့ပဲ တန်ဖိုးအသင့်အတင့် (နှစ်ခုပေါင်း လေးသောင်း
ဝန်းကျင်) ရှိပြီး ကျန်တဲ့ဟာတွေက ထင်သလောက် ဈေးမရှိပါဘူး။ ဆယ်ဂဏန်းကနေ
ထောင်ဂဏန်းလောက်သာ ရှိပါတယ်။

အဲလောက် အကုန်မခံနိုင်ဘူးဆိုရင်လည်း ဘာမှ မဝယ်ဘဲ အွန်လိုင်းပေါ်ကနေ Simulator
နဲ့လည်း စမ်းသပ်လို့ရပါတယ်။ အွန်လိုင်းကဆိုလို အထင်မသေးနဲ့နော်။ အပြင်မှာ ဝယ်ဖို့
လိုသမျှအားလုံး အကုန်ရှိတယ်။

ဘယ်လိုလုပ်ရမလဲ

လွယ်ပါတယ်။ ပထမဆုံး ကိုယ်တည်ဆောက်မဲ့ လျှပ်စစ်ပတ်လမ်း(Circuit)တစ်ခုကို
အရင် တပ်ဆင်၊ ပြီးရင် ကွန်ပျူတာမှာ သူ့ကို အမိန့်ပေးမဲ့ ပရိုဂရမ် တစ်ခုရေး၊

စာတစ်မျက်နှာစာ မကျော်ပါဘူး။

ပြီးရင် Arduino ဘုတ်ထဲကို Write လိုက်။

ဘက်ထရီ(ဓာတ်ခဲအိမ်) ချိတ်လိုက်။

ကိုယ်ရေးထားတဲ့အတိုင်း အလုပ်လုပ်ရင် ရပြီပေါ့။

အစပိုင်းတုန်းကတော့ မီးနှစ်လုံး တစ်လှည့်စီ လင်းအောင် ရေးတဲ့ ကိစ္စလောက်ကို
ခက်ခဲချင် ခက်ခဲနေလိမ့်မယ်။

နားလည်သွားရင် Servo တွေ၊ Sensor တွေ၊ LCD ဘုတ်တွေက ကလေးကစားစရာ
လို ဖြစ်သွားလိမ့်မယ်။

အခုလောလောဆယ် ပစ္စည်း မဝယ်နိုင်သေးခင် ဂုံးဆင်းကြစို့

https://www.tinkercad.com/

အဲဒီမှာ ဝင်စမ်းသပ်ဗျာ။

ဝီးဝီး လည်တဲ့ မော်တာတွေ၊ ဂွိ ဂွိ လည်တဲ့ ဆာဗိုတွေ၊
ဖလပ်ဖလပ် လင်းတဲ့ မီးသီးတွေ၊ တောက်တောက် နှိပ်တဲ့ ခလုတ်အစုံ၊
ရွှစ်ရွှစ်နဲ့ လှည့်လို့ရတဲ့ လှည့်ခလုတ်တွေ၊ အနားမှာ တစ်ခုခုနီးလာတာနဲ့
အလုပ်လုပ်မဲ့ ဆင်ဆာတွေ၊ အားလုံးကို ခဲတစ်ချက်မှ တို့စရာ မလိုဘဲ
ကွန်ပျူတာထဲက ဖုန်းထဲကနေ ထိုင်ရာမထ စမ်းလို့ရတယ်။

ဟာ.... အားများသွားပြီ... ဖောက်ကနဲ ညှော်နံ့ထွက်လာမှာလား..
ပူစရာမလိုဘူး..

ဖုန်းသေးရင်တော့ ကိုင်ရတွယ်ရ ခက်လိမ့်မယ်။

ဂျီမေးလ် တစ်ခုရှိဖို့တော့ လိုတယ်၊ အကောင့်ဖောက်ရမှာမို့။

Learn ဆိုတဲ့ ထဲမှာ ကမ္ဘာအရပ်ရပ်က စမ်းသပ် အောင်မြင်ထားတဲ့
ဆားကစ်တွေ၊ ပရိုဂရမ်တွေ အများကြီးရှိတယ်၊ စိတ်ကူးတည့်ရာသာ
စမ်း.. အားလုံးဖရီးပဲ...

အဲ အထင်မသေးနဲ့နော် အဲဒီထဲမှာ စမ်းသပ်လို့ အောင်မြင်သွားတာဖြစ်ဖြစ်
သူများရေးပြီးသားကုဒ်တွေ ပရောဂျက်တွေကို ဖြစ်ဖြစ် ဒေါင်းလုဒ်ဆွဲပြီး သိမ်းထားလို့
ရတယ်။ ပိုက်ဆံလေးများ ရှိတယ်၊ ဝါသနာလေးကလည်း ပါတယ်၊ ရန်ကုန်၊ မန္တလေး
တစ်ခုခုကိုလည်း ရောက်ဖြစ်တယ်ဆိုရင် ပစ္စည်းလေးဘာလေး ဝယ်ပြီး စမ်းကြည့်
တသဝေမတိမ်း အလုပ်လုပ်ပါတယ်ဗျား...

ဘာမှ မလုပ်ရသေးခင် ဘယ်လိုလုပ်ရမလဲ လာမေးရင်တော့ ဖြေစရာမရှိဘူး..

အဲဒီ ဝဘ်ဆိုဒ်ထဲ ဝင်ကြည့်လို့ အခက်အခဲတွေ့နေရင်တော့

စခရင်ကို ဓာတ်ပုံလေး တစ်ချက် ရိုက်ပြီးတော့သာ လာမေးလိုက်

ဖြေဖို့အသင့်ပါဗျား...
 ဗီဒီယိုဖိုင်လေး နမူနာ တင်ထားတယ်၊

Aung-Technology Blog မှ နှုတ်ခွန်းဆက်သခြင်း


 


Aung-Technology Page ရဲ့ Blog စာမျက်နှာအသစ်ကို
၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့မှာ စတင်
ဖွင့်လှစ်လိုက်ပါပြီ။

ရည်ရွယ်ချက်ကတော့ မမြဲသောတရားတွေ များလွန်းတဲ့
မာ့ခ်ဇူကာဘတ်ကြီးရဲ့ Facebook ကြီးကို ကြောက်လွန်းတဲ့အတွက်
တစ်နေ့နေ့ တစ်ချိန်ချိန် ကိုယ့်ရဲ့ အိပ်စက်ချိန်တွေကို စတေးထားရသော
ပို့စ်များကို မသမာသူများရဲ့လက်ချက်နဲ့ ဖြုတ်ချလိုက်သည်ရှိသော်...

အနိစ္စသဘောကို မလွန်ဆန်နိုင်သည်ကို သိပါသော်လည်း

အနည်းငယ်တော့ သက်တမ်းရှည်လိမ့်ဦးမည်ဟု ယူဆရတဲ့
ဘလော့ဂ်တစ်ခု ဖန်တီးလိုက်ခြင်း ဖြစ်ပါတယ်။

Facebook Page မှာ တင်ထားသမျှ အားလုံးကို ဒီမှာလည်း
တင်ပေးထားမှာ ဖြစ်ပါတယ်။

ကိုကို ၊ မမ ၊ ဘဘ ၊ ဦးဦး ၊ ဒေါ်ဒေါ်၊ ဘွားဘွား တို့ရော
ကွီးတို့ မွီးတို့ ခေးတို့ ညေးတို့ရော တစ်ခါ တစ်ခေါက်တော့

လာရောက်လည်ပတ်သွားကြပါဦးလို့

ဖိတ်ခေါ်ပါရစေဗျာ







မိုဘိုင်းဖုန်းဖြင့် လှပသော ဓာတ်ပုံများ ရိုက်ကူးခြင်း၏ လျှို့ဝှက်ချက်(၂၂)ခု

                     မိုဘိုင်းဖုန်းဖြင့် လှပသေသပ်သော ဓာတ်ပုံများ ရိုက်ကူးနည်း ပထမဆုံး ဗဟုသုတအနေနဲ့ ဒီဂျစ်တယ်ကင်မရာများ မပေါ်ပေါက်မီအသုံးပြုခ...