Thursday, January 30, 2020

အခြေခံအီလက်ထရောနစ် အပိုင်း(၅) Resistor များအကြောင်း

Resistor များ အကြောင်း


ဒီပို့စ်မှာတော့ အီလက်ထရောနစ်ဆားကစ်ပြားတိုင်းမှာ မပါမရှိ အမြဲပါနေရတဲ့ Resistor တွေအကြောင်းကို ဖော်ပြပေးပါ့မယ်။

Resistor ဆိုတာ ဘာလဲ ❓❔




Resistor ဆိုတာကတော့ ပတ်လမ်းထဲမှာ ဖြတ်သန်းစီးဆင်းနေတဲ့ လျှပ်စီးကြောင်းကို လျော့ကျသွားအောင် ခုခံတားဆီးပေးတဲ့ ပစ္စည်းတစ်မျိုးပါ။ 

လျှပ်စစ်စီးဆင်းမှုကောင်းအောင် ကြေးကြိုးတွေကိုသုံးရတယ်မဟုတ်ဘူးလား၊ ဘာလို့ လျော့သွားအောင် လုပ်မှာလဲ။❓❔

တစ်ခုနဲ့တစ်ခု လျှပ်စီးကြောင်း လိုအပ်ချက် မတူပါဘူး။ ဒါ့ကြောင့် များနေတဲ့ လျှပ်စီးကြောင်းကို လျှော့ချဖို့အတွက် သုံးတာဖြစ်ပါတယ်။ 

Resistor အမျိုးအစားတွေ ပေါင်းစုံ ရှိပါတယ်။ များသောအားဖြင့်တော့ ပိုးတောင့်ပုံစံ အနီရစ်၊ အစိမ်းရစ်၊ အပြာရစ်ကလေးတွေနဲ့ ဝါဝါအလုံးလေးတွေကို မြင်ဖူး ကြပါလိမ့်မယ်။
Resistor ကိုသုံးပြီး ဘာမှဖြစ်ဖြစ်မြောက်မြောက် တည်ဆောက်လို့ မရပါဘူး။ ဒါပေမဲ့ Resistor မပါဘဲနဲ့လဲ ဘာမှ တည်ဆောက်လို့ မရပါဘူး (အများစုကိုပြောတာပါ) "ဟင်း"နဲ့ "ဆား" လိုပါပဲ။ ဆားတစ်မျိုးတည်းနဲ့ ဟင်းချက်လို့ မရပေမဲ့ ဟင်းကောင်းတစ်ခွက်ဖြစ်လာဖို့ကလဲ ဆားမပါလို့ မရပါဘူး။

Resistor တွေကို ဘာတွေနဲ့ လုပ်ထားသလဲ







Resistor တွေကို ခုခံအားရှိတဲ့သတ္တုစပ်တွေနဲ့ခွေပြီး လုပ်ထားတာတွေ ရှိသလို ဂရပ်ဖိုက်အမှုန်(ခဲဆံအမှုန်မျိုး)တွေကို ပုံသွန်းပြီး လုပ်ထားတာတွေလည်း ရှိပါတယ်။ ဘာတွေနဲ့ပဲ လုပ်ထားလုပ်ထား တစ်ခုချင်းတစ်ခုချင်းစီမှာ တိကျတဲ့ ခုခံအား ရှိပါတယ်။ ခုခံအားတိုင်းတာတဲ့ ယူနစ်ကိုတော့ အုမ်း(Ohms) နဲ့ တိုင်းတာပြီး သင်္ကေတအနေနဲ့ (အိုမီဂါပုံစံ)သင်္ကေတကို သုံးပါတယ်။

Ohm ဆိုတာ ဘာလဲ။ ဘာ့ကြောင့် Ohm ဆိုပြီး ဖြစ်သွားတာလဲ။

George Simon Ohm ဆိုတဲ့ သိပ္ပံပညာရှင်က လျှပ်စစ်ခုခံအားနိယာမကို တွေ့ရှိခဲ့လို့ (Ohm's Law) လို့ နာမည်ကြီးခဲ့ပြီး Resistor ရဲ့ တိုင်းတာမှု ယူနစ်ကိုလည်း Ohm ဆိုပြီး သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ 
ဂျာမန်လူမျိုး သိပ္ပံပညာရှင် George Simon Ohm ရဲ့ ပုံဖြစ်ပါတယ်။ 

Ohm's Law ဆိုတာကရော...

အုမ်းက နိယာမတစ်ခု ထုတ်ပါတယ်။ လျှပ်ကူးပစ္စည်းတစ်ခုပေါ်မှာ ရှိတဲ့ အမှတ် နှစ်ခုကြား ဖြတ်သန်းစီးဆင်းသွားတဲ့ လျှပ်စီးကြောင်း (Current) ဟာ အဲဒီအမှတ် (၂)ခုကြားမှာရှိတဲ့ လျှပ်စစ်ဖိအား(ဗို့အား) (Voltage) နဲ့ တိုက်ရိုက်အချိုးကျပါတယ်တဲ့။ ညီမျခြင်းအနေနဲ့တော့ Voltage= Current x Resistance ပါပဲ။



ဆိုလိုတာက ပုံသေရှိနေတဲ့ Resistor တစ်လုံးကို ဖြတ်သန်းစီးဆင်းတဲ့ လျှပ်စစ်ဓာတ်အားမှာ Voltage များလေလေ Current (အမ်ပီယာ)များလေလေပါပဲ။

ဥပမာအနေနဲ့ Resistor တစ်လုံးရဲ့ ခုခံမှုတန်ဖိုးက 100 အုမ်း ရှိတယ် ဆိုပါစို့။ ဘက်ထရီရဲ့ ဗို့အားက 12 ဗို့ ရှိတယ်ဆိုပါစို့။ အမ်ပီယာ ဘယ်လောက် ရှိမလဲ ရှာကြည့်မယ်။

V = I x R
12 = I x 100 (သက်ဆိုင်ရာနေရာမှာ အစားထိုးလိုက်တယ်)

I ကို မသိတာမို့ ဒီဘက်က  100 အုမ်းနဲ့ ဟိုဘက်က 12 ကို သွားစားလိုက်တယ်။

အဲဒီတော့ အဖြေက 0.12 အမ်ပီယာ ရတယ်။

ဗို့အားကို ထပ်တိုးကြည့်မယ်။ 120 ဗို့

120 ကို 100 နဲ့ သွားစားလိုက်တယ်။

1.2 အမ်ပီယာ ရလာတယ်။

တကယ်လို့သာ ဗို့အားကို ၁၂၀၀ လောက်ထားမယ်ဆိုရင် အမ်ပီယာကလည်း ၁၂ အမ်ပီယာ ဖြစ်လာမှာပေါ့။

တိုက်ရိုက်အချိုးကျတယ်ဆိုတဲ့ အဲဒီသဘောတရားပါ။

ခုခံအား Resistance ကတော့ Current နဲ့ ပြောင်းပြန် အချိုးကျတယ်။ Resistance နည်းလေလေ အမ်ပီယာများလေလေ ဖြစ်မယ်။ ဗို့အားကို ကိန်းသေမှာ ထားရင်။
Resistance များများ တပ်လိုက်ရင်တော့ Ampere နည်းသွားလိမ့်မယ်။ ပိုပြီး ကျွမ်းကျင်ချင်ရင် အပေါင်း အနှုတ် အမြှောက် အစား ကိုယ့်ဘာသာ အစားထိုးပြီး လုပ်ကြည့်ပါ။


တွက်ပုံ တွက်နည်း သိသွားပြီ။ Ohm's Law ကို အခြေခံပြီးတော့ပဲ လျှပ်စစ်ပတ်လမ်းတွေရဲ့ ခုခံမှုကို တွက်ချက်ရတာဖြစ်ပါတယ်။

Resistor တွေရဲ့ တန်ဖိုး  ဘယ်လိုဖတ်မလဲ။

ပထမဆုံး ဒါလေးကို အလွတ်ကျက်လိုက်ပါအုံး...

နက်..ညို...နီ...မော်...ဝါ...စိမ်း....ပြာ....ရမ်း...ခိုး....ဖြူ...ရွှေ...ငွေ....မဲ့



အရောင်တွေရဲ့ အတိုကောက်ပါ...

အနက်..အညို...အနီ...လိမ္မော်..အဝါ..အစိမ်း...အပြာ...ခရမ်း...မီးခိုး...အဖြူ....ရွှေရောင်...ငွေရောင်...အရောင်မဲ့တွေပါ။

တစ်ရောင်ချင်းက ဘာကို ကိုယ်စားပြုသလဲ ဆိုတော့... အနက်က သုည ကို ကိုယ်စားပြုပြီး အညိုက (၁)၊ အနီက (၂) ....အဖြူက (၉)အထိ အစဉ်လိုက်ပေါ့။

ဖတ်ပုံဖတ်နည်းပြောပြပါ့မယ်။


Resistor လေး တစ်လုံး ကောက်ကိုင်လိုက်ပြီ ဆိုတာနဲ့ အဲဒီပေါ်မှာ အရစ်ဘယ်နှရစ် ဆွဲထားသလဲ ဆိုတာကို အရင် ကြည့်လိုက်ပါ။

(၁)ရစ်၊ (၃)ရစ်၊ (၄)ရစ်၊ (၅)ရစ်၊ (၆)ရစ်အထိ ရှိပါတယ်။ (၂)ရစ်မရှိ။

(၁)ရစ်တည်းရှိတဲ့ Resistor ဆိုရင် ဘာမှ ဖတ်မနေနဲ့ အရစ်ကလည်း (0)အုမ်းပဲ ရှိပါတယ်။ Zero Ohm Resistor လို့ ခေါ်ကြပြီး လျှပ်စစ်ပါတ်လမ်းတွေမှာ လျှပ်စစ်ကို လျှော့ချဖို့မလိုဘဲ အဖြည့်ခံ(အိမ်ဖြည့်)အနေနဲ့ သုံးထားတာပါ။ အရစ်ကလည်း အမည်းရောင်တစ်ရစ်ပဲ ရှိပါတယ်။

(၃)ရစ် ပါတဲ့ Resistor ဆိုရင်ရော...
အရစ်တွေကို ဆွဲထားတဲ့ဘက်ကို ဘယ်ဘက်က ထားလိုက်ပြီး အရစ်မဆွဲထားတဲ့ဘက်ကို ညာဘက်ကထားလိုက်ပါ။

စ ဖတ်မယ်။ လိမ်မ္မော်၊ လိမ္မော်၊ အညို(မော် မော် ညို)
(မော် က ၃, ညို က ၁)
(၃)ရစ်မှာ ပထမ အရစ်နှင့် ဒုတိယအရစ်တွေသည် တန်ဖိုး ဖြစ်ပြီး တတိယအရစ်သည် မြှောက်ရမဲ့ ကိန်းဖြစ်ပါတယ်။ အလွယ်ပြောရရင် သုည အရေအတွက်ပေါ့။

မော် မော် ညို ( ၃-၃-၀) = ၃၃၀ အုမ်း။

ညို နက် နီ ဆိုရင် (၁-၀ -၀၀) = 1000 အုမ်း (1K) ဖြစ်ပါတယ်။ Resistor တွေကို ခေါ်ဝေါ်တဲ့နေရာမှာ 1000 ကျော်ရင် 1000 နဲ့ ပြန်စားပြီး ကီလိုနဲ့ တွက်တယ်။1200 အုမ်းကို ၁၀၀၀ နဲ့ စား၊ ၁.၂ကီလိုအုမ်း (1.2K) ပေါ့။

 1000 K ပြည့်သွားရင်တော့ 1000 နဲ့ ထပ်စားပြီး မဂ္ဂါအုမ်းနဲ့ သတ်မှတ်ပါတယ်။ ဥပမာ... 4700 K ဆိုရင် 4.7 M လို့ပဲ ခေါ်ပါတော့တယ်။

သုံးရစ်ပဲ ရှိတဲ့ ရီစစ္စတာတွေမှာ အကြောင်းအမျိုးမျိုးကြောင့် လွဲမှားနိုင်ခြေ (20 %) ရှိပါတယ်။ Resistor ရဲ့ လွဲမှားနိုင်ခြေကို (Tolerance) (တိုးလ်ရဲင့်စ်) လို့ ခေါ် ပါတယ်။ တကယ်တော့ သူက လေးရစ်ပါပဲ။ အရောင်မရှိတဲ့ တစ်ရစ် ပါပါတယ်။ အရောင်မရှိလို့ ထည့်မဆွဲထားတာပေါ့။ အရောင်မရှိတဲ့ Tolerance က ၂၀ % လေ။


ဟင့်အင်း... ကောက်ကိုင်လိုက်တာ လေးရစ်ကြီးတောင်...

အိုကေ... အရစ်များတဲ့ဘက်ကို ဘယ်ဘက်က ထားလိုက်ပါ။

ဖတ်လိုက်ပြီ။ (မီးခိုး၊ အနီ၊ လိမ္မော်၊ ရွှေ) (ခိုးနီမော်ရွှေ)
(၈-၂-၀၀၀) = (၈၂၀၀၀ အုမ်း) ၁၀၀၀ ကျော်သွားလို့ ၁၀၀၀ နဲ့ စားလိုက်တယ်။ ၈၂ ရတယ်။ ၁၀၀၀ နဲ့ စားပြီးသားမို့လို့ 82K ဆိုပြီး မှတ်သားလိုက်တယ်။
ရွှေရောင်ရဲ့ Tolerance တန်ဖိုးက ၅ % ဖြစ်ပါတယ်။

နောက်တစ်ခု ထပ်ဖတ်မယ်။ (ဝါရမ်းနီငွေ)
(၄-၇-၀၀)= (၄၇၀၀ အုမ်း) ၁၀၀၀ ကျော်လို့ တစ်ထောင်နဲ့ စား 4.7K ပေါ့။ ဆိုင်မှာ သွားဝယ်ရင် ဘာဘာညာညာတွေ လျှောက်ပြောမနေနဲ့။ လိုချင်တဲ့ တန်ဖိုးလေး ကိုသာ စာရွက်ကလေးနဲ့ ရေးပြီး ပေးလိုက်ပါ။ သူတို့ ရှာပေးလိမ့်မယ်။ ကိုယ်လိုချင်တဲ့ဟာ ဟုတ် မဟုတ် အရောင်တွေတော့ အပေါ်မှာ ပြောထားတဲ့အတိုင်း ဖတ် ကြည့်ပေါ့လေ။

မှတ်ထားဖို့က ဘယ်နှရစ်ပဲ လာလာ အရစ်များတဲ့ဘက်ကို ဘယ်ဘက်က ထားမယ်။ ဘယ်ဘက်အစွန်ကနေ စ ဖတ်မယ်။ သုံးရစ်ထဲပါရင် နောက်ဆုံးအရစ် (သုံးရစ် မြောက်သည် သုညအရေအတွက် မြှောက်ဖော်ကိန်း)၊ လေးရစ်နဲ့ လာရင်လည်း အရစ်များများ ဘယ်မှာထား၊ သုံးရစ်က သပ်သပ်၊ တစ်ရစ်က သပ်သပ်ပဲလေ။ ဘယ်ဘက်က သုံးရစ်အစုအဝေးရဲ့ နောက်ဆုံးအရစ်(သုံးရစ်မြောက် သည် သုညအရေအတွက် မြှောက်ဖော်ကိန်းပဲ)


ဟိုက်စ်းးးးး..... ငါးရစ်ကြီးများတောင်... ဂွမ်းပြီလေ..

မဂွမ်းပါဘူး.... ငါးရစ်ဖြစ်သွားပြီဆိုရင်လည်း ခုနလိုပဲ လေးရစ်က သပ်သပ် တစ်ရစ်က သပ်သပ် ဆွဲထားတာ အရစ်များတဲ့ဘက်ကို ဘယ်ဘက်မှာ ထားလိုက်ပါ။

ဖတ်ပြီလေ... စိမ်း-နီ-ညို-နက်-ညို
ငါးရစ် ဖြစ်သွားရင် လေးရစ်သပ်သပ် တစ်ရစ်သပ်သပ် ရှိနေတယ်မို့လား။ စိမ်း-နီ-ညို-နက် က တစ်တွဲ သက်သက်၊ အညိုတစ်ရစ်က ညာဘက်အစွန်ဆုံးမှာ တစ်ကွင်း သပ်သပ်ပဲ။ စိမ်း-နီ-ညို-နက် လေးရစ်အုပ်စုမှာ နောက်ဆုံး လေးရစ်မြောက်က (သုညအရေအတွက် မြှောက်ဖော်ကိန်း) ဖြစ်လို့ သူ့ရှေ့က သုံးရစ်မြောက်အထိ တန်ဖိုး ယူရမယ်။ (၅-၂-၁-)(အနက်ရောင်က တန်ဖိုးမရှိလို့ ထည့်မယူရ၊ အညိုမှသာ သုည တစ်လုံးထည့်မယ်လေ) ဟိုးဘက်မှာ သပ်သပ်အဖော်ကွဲနေတဲ့ အညိုတစ်ရစ်က Tolerance ပဲ။ အချို့က Tolerance ကို ရွှေ၊ ငွေ၊ အရောင်မဲ့ သုံးမျိုးပဲ ရှိတယ် ထင်ကြတာ။ (၄)ရစ်ပါတဲ့ဟာတွေအထိတော့ မှန်တယ်။ (၅)ရစ်ပါတဲ့ Resistor က စလို့ မဟုတ်တော့ပါဘူး။ ပုံက ဇယားကွက်ကလေးထဲမှာ ကြည့်ပါ။ အညိုရဲ့ Tolerance တန်ဖိုးက 1 % ပါ။




အားးးးး ၆ ရစ်ကြီးတောင်ပါ့လား...

ဘာဖစ်လဲ.. ၆  ရစ်...

ထုံးစံအတိုင်း အရစ်များတဲ့ဘက် ဘယ်ဘက်မှာထား... ဟော... ၄ ရစ်က သပ်သပ် ၂ ရစ်က သပ်သပ်ပါပဲ။

(မော်-နီ-ညို-ညို----- ညို-နီ)

အိုးခေ..

(၃-၂-၁-၀) လေးခုတွဲကိုဖတ်လိုက်တာ။ ၃၂၁၀ ရတယ်လေ။ အဲဒါကို တစ်ထောင်ကျော် ၁၀၀၀ နဲ့စား ကီလိုဖွဲ့တော့ (3.21K ) ရပါလေရော။

ဟုတ်ပြီ။ နောက်မှာ ကိုညို နဲ့ မနီ က စုံတွဲခုတ်နေတယ်။ ၆ ရစ်မှာ ဘယ်ဘက် လေးရစ်ကို တန်ဖိုးဖတ်တယ်။ ညာဘက် နှစ်ရစ် ကျန်တယ်။ အဲဒီ နှစ်ရစ်ထဲက အတွင်းဘက်ကျတဲ့ တစ်ရစ်က (Tolerance) ဖြစ်ပြီး အပြင်ဘက်က အရစ်က (Temperature.Coefficient ) ဖြစ်ပါတယ်။

နည်းနည်းတော့ ရှုပ်သွားတယ်ထင်တယ်။ Tolerance ကတော့ သိပါပြီ။ Temperature.Coefficient က ဘာလဲ။

Temperature.Coefficient ဆိုတာကို ppm/K နဲ့ တွက်ပါတယ်။ ppm/k ဆိုတာကတာ့ Part per Million per Kelvin လို့ အဓိပ္ပာယ်ရပါတယ်။

250 ppm/K အပူချိန် 1 Kelvin ပြောင်းတိုင်း ပြောင်းတိုင်းမှာ Resistor တန်ဖိုးရဲ့ အပုံ တစ်သန်းပုံ ပုံရင် ၂၅၀ ပုံ အပူချိန်ကြောင့် ပြောင်းလဲနိုင်တယ်လို့ အဓိပ္ပာယ် ရပါတယ်။ အပူချိန်ကြောင့် တန်ဖိုးပြောင်းလဲနိုင်မှု အညွှန်းကိန်းလို့ ခေါ်မှာပေါ့။



တကယ်တော့ ကျွန်တော်တို့ အများစု မြင်တွေ့နေရတဲ့ Resistor တွေဟာ သုံးရစ်(သို့မဟုတ်)လေးရစ် တွေပါ။ ငါးရစ် ရှိပေမဲ့ ရှားပါတယ်။ ၆ ရစ် ဆိုတာကို တော်ရုံ မတွေ့ရတတ်ပါဘူး။ ဒါပေမဲ့ အချို့ လျှပ်စစ်ပတ်လမ်းတွေမှာ သုံးချင် သုံးမှာမို့ သိထားသင့်တာလေး ထည့်ပေးလိုက်ရတာပါ။


တကယ်တော့ အခုလို အညိုတွေ အနီတွေ အစိမ်းတွေ အော်ပြီး ရွတ်နေရတာ အလွန်ပဲ စိတ်ပျက်ဖို့ ကောင်းပါတယ်။ ကျွမ်းကျင်သွားရင်တော့ ဘယ်အရောင်တွဲ မြင်တာနဲ့ ဘာ ဆိုတာ တန်းသိမှာပေါ့။

အဲလိုတွေ ရွတ်စရာလည်း မလိုအောင် မှားလည်း မမှားအောင် Resistor ကာလာ တွက်တဲ့ Calculator လေးကို ဒီမှာ ယူလိုက်ပါ။ Resistor တစ်ခုတည်းမဟုတ်ပဲ လျှပ်စစ် Component အတော်များများအတွက် တွက်လို့ ချက်လို့ ရတဲ့ဟာလေးပါ။

Electronic Tool Kit ဒီမှာယူပါ

Online မှာတင် တွက်ချင်ချက်ချင်သူများအတွက်

ဘလော့ထဲကို ဝင်မွှေချင်သူများက ဒီမှာ မွှေပါ

App ထဲက ဖတ်နေသူများက Visit Website ထဲကို ဝင်ကြည့်ပြီး Comment တွေ ရေးချင် ရေးလို့ရပါတယ်။

ဖတ်ရှုသွားကြတဲ့ လျှပ်စစ်ဝါသနာရှင်အားလုံးကို ကျေးဇူးတင်ရှိပါတယ်။

မဖတ်နိုင်သေးရင်လည်း Share ထားခြင်းဖြင့် နောက် လိုအပ်တဲ့အချိန်မှာ ပြန်လည် ဖတ်ရှုနိုင်မှာ ဖြစ်ပါကြောင်း။




Aung-Tech

No comments:

Post a Comment

မိုဘိုင်းဖုန်းဖြင့် လှပသော ဓာတ်ပုံများ ရိုက်ကူးခြင်း၏ လျှို့ဝှက်ချက်(၂၂)ခု

                     မိုဘိုင်းဖုန်းဖြင့် လှပသေသပ်သော ဓာတ်ပုံများ ရိုက်ကူးနည်း ပထမဆုံး ဗဟုသုတအနေနဲ့ ဒီဂျစ်တယ်ကင်မရာများ မပေါ်ပေါက်မီအသုံးပြုခ...